Thursday, August 29, 2013

ခွက်ပျောက် စစ်ဗိုလ်များနှင့် မရေရာသော လေတပ်

အက်ဖ်-၇ တိုက်လေယာဉ်အား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်
စာဖတ်ပရိသတ်များ ခင်ဗျား
ပြည်တွင်းရှိ တပ်မတော် (လေ) မှ အဆင့်မြင့် အရာရှိ တစ်ဦး ပေးပို့လာတဲ့ လေတပ်အတွင်းက လက်ရှိ ဖြစ်ပျက်နေသော တကယ့်အခြေအနေများအား တင်ပြထားချက်ကို စာဖတ်ပရိသတ်များအတွက် ကျွန်တော် ကိုဖိုးတရုတ်က တင်ဆက်ပေးလိုက်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံက တပ်မတော် ဆိုတာဟာ နိုင်ငံတကာတွေနဲ့ နှိုင်းယှဉ်ရင် အဆင့်အတန်း နိမ့်ကျလျက် ရှိနေတာကို ပကတိ အရှိအတိုင်း တပ်မတော် အရာရှိများက ဖော်ထုတ်ရေးသား တင်ပြရာမှာ စာဖတ်ပရိတ်သတ်များအတွက် အလွန်ဘဲ ဗဟုသုတ ရရှိစေပါတယ်။

ကိုယ်တွေ့ ကြုံတွေ့ရတဲ့ ဖြစ်ရပ်မှန် တပ်မတော် အတွင်းမှ အခြေအနေတွေကို ယခုလို ပြည်တွင်းမှ တင်ပြပေးပို့လာတဲ့ အတွက် ဆောင်းပါးရှင် ဝေဟင်အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

ဆောင်းပါးရှင် – ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)

ကျွန်တော့်ခေါင်းစဉ်လေးက ရိုင်းများနေမလားဘဲ၊ ဒါပေမယ့်လည်း တကယ်ခံစား နေရသူများ ကိုယ်တိုင်က ဒီလိုပဲ သူတို့ကိုယ်သူတို့ ခေါ်နေကြပါတယ်။ တရုတ်ကားတွေ ထဲကလို မေးရရင်တော့… ဒီလိုအဖြစ်မျိုးတွေ ရှိခဲ့တယ်လား… လို့ပေါ့။ ဟုတ်ကဲ့ တကယ်ပါ။ ရှိပါတယ်။ လူသက်သေ ပစ္စည်း သက်သေတွေနဲ့ပါ။ “ကျွန်တော်တို့ မတရားခံနေရပါတယ်” လို့ အော်စရာ နေရာမရှိသလို တင်ပြပြန် ရင်လည်း အမြင်ကပ်ပုဒ်မတပ်ပြီး ရေရေလည်လည် နှိပ်ကွပ်ခံရမှာမို့ ဇနီးမယား သမီးသား ငဲ့ညှာကာ “ငုံးဆူလူမသိ” တိတ်တိတ်လေးပဲ ရင်ဖွင့်ရှာကြရပါတယ်။ တာဝန်အရှိဆုံးဆိုတဲ့ လေတပ် ဦးစီးချုပ် ကတောင်မှ စဉ်းစားမပေးတာ၊ ဘယ်သူက ငါတို့အဖြစ်ကို မျက်စိထဲ ထားမှာလဲလို့ ဆိုကြရှာပါတယ်။ ကဲ… ခွက်ပျောက်တာ ဘာကိုဆိုပါသလဲ….. လေတပ်ထဲမှာ အရာရှိ အုပ်စုကြီး (၂) ခု ရှိပါတယ်။
လေသူရဲနဲ့ စက်မှုလက်မှုပါ။ လေသူရဲ အများစုက DSA ဆင်းတွေပါ။ အလုပ်သင်နဲ့ OTS ဆင်း အပတ်စဉ် (၂) ခု လောက်ကတော့ စုန်းပြူးပေါ့။ လေသူရဲမှာ Fighter, Transport, Helicopter ဆိုပြီး ကွဲပြားသလို စက်မှုလက်မှု မှာလည်း ၁၉၉၉ မှာ DSTA အပတ်စဉ် (၁) မဆင်းခင်အထိ OTS ဆင်း BE ဘွဲ့ရော ၊ B.Sc ဘွဲ့ရပါ ခေါ်ပြီး အင်ဂျင်နီယာ၊ လျှပ်စစ်နှင့် ချိန်ခွက်၊ ရေဒီယို/ရေဒါ၊ လက်နက်ဆိုပြီး (၄) ဌာနခွဲပါတယ်။ OTS ဆင်း အတော်များများဟာ လေတပ်ကို မလာလိုပါဘူး။ စစ်လက်ရုံးရွေးချယ်ရာမှာ ဆန္ဒမပြုသော်လည်းပဲ ခွဲတမ်းချ ခေါ်ယူခြင်းခံရသူများဟာ ၁၉၉၅ မှာဆင်းတဲ့ OTS – 91 အပတ်စဉ်မှာ အတော်များ ခဲ့ပါတယ်။ လေတပ်ကို လာသတင်းပို့ချိန်မှာ အဲဒီအရာရှိများဟာ လေတပ် ယူနီဖောင်းတောင် အဆင်သင့်မရှိသေးလို့ အစိမ်းဝတ်နဲ့ ဖြစ်နေခဲ့ပါတယ်။ သို့သော်လည်း ထားရာနေ၊ စေရာလုပ်ရမယ့် ဘ၀ရောက်ပြီမို့ ဘာမှ မတတ်နိုင်ကြတော့ပါဘူး။

DSTA ကျောင်းကို အဝေးမှ မြင်ရပုံ

တောထဲ တောင်ထဲမှာ ကိုယ်လဲဒုက္ခရောက် သူများလဲ ဒုက္ခပေးရတဲ့ဘ၀ မဟုတ် တာပဲဆိုပြီး ဖြေသိမ့် လိုက်ကြပါတယ်။ ၁၉၉၉ မှာ သူတို့တတွေ ဗိုလ်ကြီး ဖြစ်ကြပါတယ်။ နောက် (၅) နှစ်နေရင် အပြစ် ကင်းကင်း နေတဲ့သူက ဗိုလ်မှူးဖြစ်ပြီပေါ့။ ကြည်း/ရေ/လေ မခွဲခြားပဲ တစ်ခုတည်းသော “ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော တပ်မတော်” တည်ဆောက်နေတယ် ဆိုတဲ့အတွက် အရင်လို ကြည်းတပ်နဲ့ ရာထူးရတာ မကွာခြားပဲ ငါတို့ဘ၀ အောင်မြင်တော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ များစွာနဲ့ပါ။ ၁၉၉၉ ဧပြီမှာ DSTA အပတ်စဉ် (၁) ဆင်းလာပြီး လေတပ်ကို အင်ဂျင်နီယာအစစ်တွေ အနေနဲ့ ရောက်လာပါတယ်။ စက်မှုလက်မှုရဲ့ ဌာနခွဲ (၄) ခုဆီကို DSTA ဆင်း BE များ ရောက်လာချိန်တွင်တော့ လက်တန်း မူဝါဒတစ်ခုက မျှော်လင့်ချက် ဘ၀များစွာနဲ့ လေတပ်ရဲ့ အနာဂတ်ကို စတင် ဖျက်ဆီးပါတော့တယ်။ ဒါကတော့ “စက်မှုလက်မှုရဲ့ ဌာနခွဲ (၄) ခု ဖြစ်သော အင်ဂျင်နီယာ၊ လျှပ်စစ်နှင့်ချိန်ခွက်၊ ရေဒီယို/ရေဒါ၊ လက်နက်မှ အရာရှိများကို B.E ဘွဲ့ရ မဟုတ်က အဆင့်တိုးမပေးတော့” ဟု ဖြစ်ပါတယ်။ လေတပ်ထဲတွင် အတွေ့အကြုံများစွာ ရှိနေပြီးသော စက်မှုလက်မှုဌာနခွဲမှ သာမန် ဘွဲ့ရ အရာရှိများစွာ၏ ဘ၀နှင့် ဆောင်ရွက်ချက်များအတွက် မျက်ကွယ်ပြုခြင်းသည် ၂၀၀၇ ခုနှစ်က အသက်ကန့်သတ်ချက်ဖြင့် တပ်မတော်မှ ထွက်ခွာရသူများတွင် စတင် သက်ဝင်လာရာ ဦးစီးချုပ်(လေ) မျက်ခုံးစ လှုပ်ခဲ့ရပါတော့တယ်။ စက်မှုလက်မှုမှ ဦးစီး(ပ)များနှင့် လုပ်ငန်းများကို အမှန်တကယ်ဦးဆောင်နေသော အဆင့် တိုးမပေးပဲ ချန်ထားခံရသူ အတော်များများ ပါသွားသလို ကျန်နေသူများကလည်း စိတ်နာ စွာဖြင့် အလုပ်တက်ရုံမျှသာ ဆောင်ရွက်လာကြပါတယ်။ လျှပ်စစ်/ချိန်ခွက်၊ ရေဒီယို/ရေဒါ၊ လက်နက်မှ OTS – 91 ဆင်း သာမန်ဘွဲ့ရ အရာရှိ အများစုဟာ ယခု ၂၀၀၉ မေ ကာလတိုင်အောင် ဗိုလ်ကြီးအဆင့်ဖြင့်ပင် အောင့်အီးနေကြ ရပါတယ်။
အချို့ တော်သော သူများသည် တော်ရာလမ်းကြောင်းဖြင့် လေတပ်မှ လွတ်ရာ လွတ်ကြောင်း ကြိုးစားပါသော်လည်း ဤလူများမရှိက လေတပ်ပွဲပျက်မည် ကြောက်သည့် ဦးစီးချုပ်(လေ) က လွတ်ရာ ကျွတ်ရာ ပေးမသွားရာ သူတို့ဟာ ခံပြင်းမှုများ ပိုလာ ပါတော့တယ်။ အထူးသဖြင့် လက်နက်အရာရှိများတွင် OTS – 91 ဆင်း သာမန်ဘွဲ့ရ အရာရှိများအား အဆင့်တိုးမပေးပါက ၎င်းတို့နောက်တွင် ၂၀၀၄ မှာ ဆင်းသည့် DSTA အပတ်စဉ် (၆) မှ အရာရှိများသာ ရှိရာ ဗုံးတန်များစွာကို မည်သို့ ထိန်းသိမ်းမည် ဆိုသည့် အရေးမှာ ရင်လေး စရာဖြစ်လာဦးမှာ မလွဲပါ။

ယခုအခါ ထိုထိုသော ခွက်ပျောက်အရာရှိများ၊ ဘာမှမတတ်သော အရာရှိများ မိမိရဖို့ကိုသာ သိသောအရာရှိများသာ ရှိနေပြီး Hour ကုန်ခါနီး လေယာဉ်အိုများနှင့် လစာ မလောက်သော စစ်သည်များဖြင့် တပ်မတော်(လေ)၏ အနာဂတ်ကြီးသည် မီးဇာကုန်လုလု ဖြစ်နေသည်ကို မသိရှာသော ဗိုလ်ချုပ်မှူးကြီးသည် လေယာဉ်ထုတ်ရန် တွန်းအားပေး နေပြန်ပါတယ်။ သနားစဖွယ်ပင်။ ဘိုးတော်ကြီးဟာ စက်မှုဇုန်ဂျစ်ကဲ့သို့ လေယာဉ်ထုတ်ရန် လွယ်မည်ဟု ထင်နေရှာပုံ ရပါတယ်။ လေယာဉ် ထုတ်ရန်မလွယ်သလို UVA ကို လူအင်အား အလုံးအရင်းဖြင့် ရှမ်းတဲ လေတပ်စခန်းတွင်ပင် မောင်းနှင် စမ်းသပ်နေသော်လည်း Control Programme ရောင်းချ သည့် တရုတ်ကုမ္ပဏီက နည်းပညာမပေးသဖြင့် အခက်ကြုံနေရပါတယ်။

ပြင်ဦးလွင်ရှိ ဗိုလ်ချုပ်စိန်ဝင်း ဦးစီးတဲ့ နည်းပညာသုတေသနဌာနချုပ်တွင် မြောက်ကိုးရီးယား ရေတပ်မှ လာရောက်ပို့ချသော Fire Control Computer သင်တန်းသို့လည်း ဒုဗိုလ်မှူးကြီးတစ်ဦး ခေါင်းဆောင်ကာ လေတပ်မှ အရာရှိများ စေလွှတ်ထားပြီး နည်းလမ်း ရှာနေပါတယ်။ ဒီလောက်ဆိုရင် ခွက်ပျောက် စစ်ဗိုလ်များနဲ့ မရေရာသော လေတပ် ဆိုတာကို သိလောက်ရောပေါ့။ ကဲ….. ကျွန်တော် တင်ပြခဲ့သော အကြောင်းအရာများကို ဖတ်ပြီး သင်ရော ဘယ်လို သဘော ရပါသလဲ? စစ်အစိုးရ လက်ထက်ဆိုပေမယ့် အရာရှိတိုင်းဟာ အဆင်မပြေပါဘူး၊ တပ်ထဲမှာလဲ ခွဲခြား မှုတွေ ဖိနှိပ်မှုတွေ တန်းတူမညီမျှမှုတွေ အများကြီးပါ၊ အဆင်မပြေမှုတွေ ဆိုတာက မြန်မာနိုင်ငံသားတိုင်းရဲ့  ကိုယ်ခန္ဓာမှာ မွေးကတဲက ကပ်လျှက်ပါလာတာပါ။ စစ်ခေါင်းဆောင် အထက်ပိုင်းတွေက လွဲရင်ပေါ့။

အက်ဖ်-၇ တိုက်လေယာဉ်ပေါ်ရှိ လေသူရဲများ

ဒါဆို ဘာလို့ ငြိမ်ခံနေလဲလို့ မေးစရာရှိပါတယ်။ မြန်မာပြည် အထူးသဖြင့် စစ်တပ်ထဲမှာ လူတိုင်း အလွယ်တကူ Internet မသုံးနိုင်ပါဘူး၊ ပြင်ပဆီကို အခုလို ဆက်သွယ် ဖော်ပြခွင့် မလွယ်ပါဘူး။ တပ်ထဲက တကယ့် အဖြစ်တွေကို လူထုဆီပို့ဖို့ ခက်ပါတယ်။ ကျွန်တော်တောင် အပြင်ရောက်နေလို့ ခံစားဝေမျှ ပေးနိုင်တာပါ။ သူတို့လည်း ဒီစနစ်ဆိုးကြီးကို ပျောက်ကွယ်စေလိုသူတွေထဲမှာ ရှိနေပါတယ်။ ဒါပေမယ့် ဘယ်လိုပူးပေါင်းကြမလဲ၊ ဘာလုပ်ပေးရမလဲ ဆိုတဲ့ မေးခွန်းများ ရှိလာပါတယ်။ သူတို့အပြင် မိသားစုတွေကလည်း မလောက်မငှ လစာ၊ စည်း/ကော် ဆိုတဲ့ တပ်တွင်း စည်းရုံးရေးကော်မတီ အလုပ်တွေနဲ့ ရှိရှိသမျှ အထက်လူကြီးကတော်တွေ အတွက် သနပ်ခါးသွေး၊ ထမိန်လျှော်၊ ဟန်လုပ် မျက်နှာချိုသွေး၊ အမလေး…….ကျွန်ဝယ်ရာ အဆစ်ပါ ဘ၀ကို အမှန်တကယ် ရွံ့မုန်း နေကြပါပြီ။ ဒါကြောင့် လုပ်သင့်တာကိုလုပ်ကြပါတော့လို့ ပြောလိုက်ပါတယ်။

Ref: စည်းလုံးခြင်းရဲ့အင်အား

0 Comment Box:

Post a Comment


 

Comment Box

Followers