Thursday, August 29, 2013

ဇွဲကပင်တောင် Cable Car စနစ် Survey ပြုလုပ်ပြီး၍ တည်ဆောက်မှု အပိုင်း စတင်တော့မည်

 
ဇွဲကပင် တောင်တွင် အကောင်အထည် ဖော်မည့် မြန်မာ့ ပထမဆုံး Cable Car စနစ်ကို ယခုအခါ မြေပြင်စစ်ဆေး (Survey) ပြုလုပ် ပြီးစီးပြီဖြစ်၍ တည်ဆောက်မှု အပိုင်း စတင် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း စီမံကိန်း အင်ဂျင်နီယာ ဦးသောင်းညွန့်က ပြောကြား ခဲ့သည်။

''Survey ပြုလုပ်တဲ့ အချိန်က မိုးတွင်းဖြစ်တဲ့အတွက် အခက်အခဲ တွေရှိပါတယ်။ အခုအနေနဲ့ 'Survey ပြုလုပ် ထားတာကို ပြည်ပ ပညာရှင်တွေဆီ ပို့ပြီး တည်ဆောက်မှု အပိုင်း စတင်တော့မှာ ဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

အဆိုပါ Cable Car တည်ဆောက်မှုကို နာယက ပီနန်ဆရာတော်၊ ဇွဲကပင် ဆရာတော်၊ သာသနာ့ ဇေယျာ မင်္ဂလာ ပရိယတ္တိ စာသင်တိုက် (သုံးထပ်ကျောင်း) ဆရာတော် စသည့် ဆရာတော်ကြီး သုံးပါးကြီးမှူး ဦးဆောင်မှုဖြင့် မလေးရှား နိုင်ငံ SMET DABHD ကုမ္ပဏီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ပညာရှင်များ ပူးပေါင်း တည်ဆောက်ခြင်း ဖြစ် ကာ စီမံကိန်း ကာလ ၁၈ လသတ်မှတ် ထားကြောင်း သိရသည်။

ယခု တပ်ဆင်မည့် Cable Car သည် လူ ၄ဝစီးနိုင်သော အကြီးစားဖြစ်ပြီး Cable ကြိုးကို Electric Motor ဖြင့် ဆွဲတင် ပို့ရသည့် တစ်ကမ္ဘာလုံးတွင် အသုံးပြုနေသည့် စနစ်ဖြစ်ကာ Cable ကြိုးသည် အချင်း ၃၈ မီလီမီတာရှိပြီး သက်တမ်း ၁ဝ နှစ်မှ ၁၅နှစ်အထိ ခံနိုင်အား ရှိကြောင်း၊ Cable Car စနစ်အတွက် လိုအပ်သည့် အစိတ်အပိုင်း များကို ဆွစ်ဇာလန်နှင့် သြစတြေးလျ နိုင်ငံတို့မှ မှာယူမည်ဖြစ်ပြီး နိုင်ငံတကာ အဆင့်မီ တည်ဆောက်မည် ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းမှာ အမေရိကန် ဒေါ်လာ သန်း ၂ဝကျော် ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

အများပြည်သူ လုံခြုံမှုရှိစေရန် လူ ၄ဝကျော်လျှင် Cable အလုပ် မလုပ်သည့် စနစ်၊ အပေါ် ရပ်နားနေရာနှင့် အောက် ရပ်နား နေရာရောက်မှ တံခါးများဖွင့်၊ ပိတ်နိုင်သည့် စနစ်၊ အတက်၊ အဆင်း ပြုလုပ်နေသည့် အချိန်၌ ရုတ်တရက် လျှပ်စစ်မီး ပြတ်တောက်၍ လမ်းတစ်ဝက်တွင် ရပ်နားမှု မရှိစေရန် မီးစက် (Generator)များဖြင့် အလိုအလျောက် လည်ပတ်သည့် စနစ်များကို ပြုလုပ် ထားသည့်အပြင် Cable Car ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်ထိန်း သိမ်းရေး ကော်မတီကို ပညာရှင်များဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံခြားသား ပညာရှင်များက နေ့အလိုက်၊ လအလိုက်၊ နှစ် အလိုက်စစ်ဆေး ပြုပြင်ခြင်းများကို စနစ်တကျ သင်တန်းပို့ချကာ နည်းပညာများ လက်ဆင့်ကမ်း ပေးသွားမည် ဖြစ် ကြောင်း သိရသည်။

ဇွဲကပင် ဆံတော်ရှင် စေတီတော်မြတ်ကြီးကို လာရောက် ဖူးမြော်ကြသူများ ခြေကျင်တက်ရာတွင် ၂ နာရီခွဲ၊ ၃ နာရီခန့် ပင်ပင်ပန်းပန်း ခက်ခဲစွာ တက်ရောက် ဖူးမြော်နေရာမှ Cable Car တပ်ဆင်မှု ပြီးသွားပါက အထက်နှင့် အောက် ၁၆၅ဝ မီတာ ကွာဝေးသော ဇွဲကပင်တောင် ဆံတော်ရှင်စေ တီကို မိနစ် အနည်းငယ်ခန့်ဖြင့် ဖူးမြော်နိုင်မည် ဖြစ်ကြောင်း သိရသည်။


မြ၀တီ

0 Comment Box:

Post a Comment


 

Comment Box

Followers