Wednesday, August 28, 2013

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်း အဝင်အထွက် ဂိတ်များအားလုံး CCTV ကင်မရာများ တပ်ဆင်

ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းရှိ အဝင်အထွက် ဂိတ်ငါးခုတွင် CCTV ကင်မရာများ တပ်ဆင်ထားပြီး သြဂုတ် ၂၇ ရက်မှ စတင်ကာ လုံခြုံရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အဆိုပါ ယာဉ်ရပ်နားစခန်း တာဝန်ခံအရာရှိ  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာန ဒုတိယဌာနမှူး  ဦးဥာဏ်ထွန်းအောင်ထံမှ သိရသည်။ အဝင်အထွက် ဂိတ်တစ်ခုလျှင် CCTV ကင်မရာ နှစ်လုံးစီ တပ်ဆင်ထားပြီး ဂိတ်ငါးခုအတွက် စုစုပေါင်း ၁ဝ လုံး တပ်ဆင်ထားသည်။ 

အဝင်အထွက် ဂိတ်အမှတ် (၃/၄/၅) တို့၏ အဝင်အထွက် မှတ်တမ်းများကို အောင်မင်္ဂလာအဝေးပြေး  ယာဉ်ရပ်နားစခန်း တာဝန်ခံအရာရှိရုံးမှ တိုက်ရိုက် ကြည့်ရှုနိုင်ပြီး ကျန်ဂိတ်နှစ်ခု၏ အဝင်အထွက် မှတ်တမ်းများကိုလည်း ၄င်းဂိတ်များတွင် တိုက်ရိုက် ကြည့်ရှုနိုင်ကြောင်း အဆိုပါ ယာဉ်ရပ်နားစခန်း ဒုတိယ စခန်းတာဝန်ခံ ဦးဇော်မင်းက ဆိုသည်။ 

''ဒီလို တပ်ဆင်လိုက်ခြင်းအားဖြင့် အောင်မင်္ဂလာဝင်းထဲ ဝင်လာတဲ့ အဝင်အထွက် မှတ်တမ်းတွေကို လိုအပ်ရင် ပြန်ကြည့်နိုင်တယ်။ စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေ၊ ကုန်တင်ကားတွေ လုံးဝမဝင်ရလို့ သတ်မှတ်ထားတဲ့ ဆိုင်ကယ်တွေကို CCTV ကင်မရာကတစ်ဆင့် စောင့်ကြည့်ပြီးတော့ အရေးယူနိုင်တယ်။ ဒါ့အပြင် ဒီလိုတပ်ဆင် ထားတော့ ဒုစရိုက် ကျူးလွန်မယ်လို့ ရည်ရွယ်ထားတဲ့သူတွေရဲ့ အန္တရာယ်ကိုလည်း ထိထိရောက်ရောက် ကာကွယ်နိုင်မယ်'' ဟု ၄င်းက ဆက်လက် ပြောကြားသည်။ လက်ရှိ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းတွင် အဝင်အထွက် ဂိတ်များ၌ CCTV ကင်မရာ ၁ဝ လုံး၊ မကြာမီက စမ်းသပ်ဖွင့်လှစ်ထားသည့် ခရီးသည်တင်ယာဉ် ဆိုက်ရောက်ကွင်းတွင် CCTV ကင်မရာ ၁၆ လုံးတပ်ဆင်ထားပြီး ခရီးသည်တင် အဝေးပြေး ယာဉ်လိုင်း အချို့တွင်လည်း ကိုယ်ပိုင် CCTV ကင်မရာများ တပ်ဆင်ကာ ခရီးသည်များ ဘေးကင်းလုံခြုံရေး အတွက် ဆောင်ရွက်ထားရှိကြောင်း သိရသည်။ 

 အဆိုပါ ယာဉ်ရပ်နားစခန်း၏ နယ်မြေအုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ''ဒါဟာ လုံခြုံရေးအတွက်တော့ ကောင်းမွန်တဲ့ အစီအမံတစ်ခုပါပဲ။ စည်းကမ်းနဲ့ လုံခြုံရေး အတွက်တင် မဟုတ်ဘူး။ အငှားယာဉ် ပွဲစားတွေနဲ့ လူခေါ်ပွဲစားတွေရဲ့ စည်းကမ်းမဲ့မှုကိုပါ စောင့်ကြည့်နိုင်တယ်'' ဟု ပြောသည်။ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းသို့ ယခုနှစ် မိုးရာသီတွင် တစ်ရက်လျှင် ပျမ်းမျှ ခရီးသည်တင်ယာဉ်နှင့် အငှားယာဉ် အပါအဝင် စုစုပေါင်း ယာဉ်အစီးရေ ခုနစ်ထောင်မှ ရှစ်ထောင်အကြား ဝင်ထွက်လျက်ရှိပြီး ပွင့်လင်းရာသီများတွင် နေ့စဉ်ယာဉ်အဝင်အထွက် တစ်သောင်းခွဲခန့်ရှိကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 

0 Comment Box:

Post a Comment


 

Comment Box

Followers