Friday, August 30, 2013

ချယ်ဆီးအသင်းသို့ တရားဝင် ရောက်ရှိလာပြီ ဖြစ်သည့် အီတိုး

 
ဘာစီလိုနာ ကစားသမားဟောင်း ဖြစ်သူ ဆင်မြူရယ် အီတိုးဟာ ချယ်ဆီး အသင်းသို့ တရားဝင် ပြောင်းရွှေ့လာပြီ ဖြစ်ကြောင်း ချယ်ဆီး အသင်းပိုင် ဝက်ဘ်ဆိုက်မှာ ကြေငြာလိုက်ပြီ ဖြစ်သည်။

၃၂ နှစ်သား အီတိုးဟာ ချယ်ဆီး အသင်းနှင့် တစ်နှစ် သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ချယ်ဆီး အသင်းသို့ ပြောင်းရွှေ့လာရခြင်းနှင့် ပါတ်သက်ပြီး အီတိုးက “ကျနော် ဒီကို ရောက်လာရတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်။ ဒါပေမယ့် စိုးရိမ်ကြောင့်ကြမှုလည်း ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ကျနော် အခွင့်အရေး ရသလောက် ကစားခွင့် ရချင်လို့ပါပဲ။ ဒီကို ပြောင်းလာရတယ်ဆိုတာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ချယ်ဆီး အသင်းမှာ ဘယ်လို အရည်အသွေးတွေ ရှိနေတယ်ဆိုတာကို ကျနော် မြင်ပါတယ်။ မော်ရင်ဟိုနှင့် လက်တွဲရတာ အရမ်း ပျော်ရွှင်ဖို့ ကောင်းခဲ့ပါတယ်။ သူနဲ့ လက်တွဲဖို့ အခွင့်အရေး ပေါ်လာပြီ ဆိုတာနဲ့ အဲဒါကို ကျနော် ပျော်ပျော်ရွှင်ရွှင်နဲ့ အခွင့်အရေး ယူလိုက်တာပါပဲ။” ဟု ကျေနပ် အားရ ပြောကြားသွားခဲ့သည်။

အီတိုးဟာ ခံစစ်မှူးတိုင်း ကြောက်ရွံ့ရလောက်သည့် တိုက်စစ်မှူးကောင်း တစ်ယောက်ဖြစ်ပြီး ဘာစီလိုနာ အသင်းနှင့်အတူ လာလီဂါ ချန်ပီယံဆု ၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်း၊ စပိန် စူပါဖလား ၂ ကြိမ်နှင့် စပိန် ဘုရင့်ဖလား တစ်ကြိမ် ဆွတ်ခူးခဲ့ဖူးသည်။

ဘာစီလိုနာအသင်းမှ အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အင်တာမီလန်အသင်းမှာ ၁၀၁ ပွဲ ပါဝင် ကစားပေးခဲ့ပြီး ၅၃ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ အင်တာမီလန်နှင့်အတူ ချန်ပီယံလိဂ် ဖလား တစ်ကြိမ်၊ စီးရီးအေ ချန်ပီယံ တစ်ကြိမ်၊ ကိုပါ အီတာလီယာ ဖလား ၂ ကြိမ်၊ အီတလီ စူပါဖလား တစ်ကြိမ်၊ ကမ္ဘာ့ဖလား ကလပ်အသင်း ချန်ပီယံ တစ်ကြိမ် ဆွတ်ခူးခဲ့ဖူးသည်။

၂၀၁၁ ခုနှစ်မှာ အန်ဇီ အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၇၁ ပွဲမှာ ၃၆ ဂိုး သွင်းယူပေးနိုင်ခဲ့သည့် တိုက်စစ်မှူးတစ်ယောက် ဖြစ်သည်။ ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့မှာ အန်ဇီအသင်းမှ ချယ်ဆီး အသင်းသို့ တရားဝင် ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။
Football Café

0 Comment Box:

Post a Comment


 

Comment Box

Followers