Friday, August 30, 2013

အနှေးယာဉ်များ ဖမ်းဆီးရာမှ စည်ပင်ဝန်ထမ်း ဓားထိုးခံရ


ရန်ကုန်၊ သြဂုတ် ၂၇
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လသာမြို့နယ် အတွင်းရှိ အနှေးယာဉ်နှင့် ကုန်တင် လက်တွန်းလှည်း များအား ဖမ်းဆီး စစ်ဆေး နေစဉ်အတွင်း တာဝန်ကျ ၀န်ထမ်းတစ်ဦးအား ဆိုက်ကား သမားနှစ်ဦးက လာရောက် ရန်စပြောဆို၍ ဓားထိုးမှု ဖြစ်ပွားခဲ့ရာ လမ်းမတော် ရဲစခန်းမှ အမှုဖွင့် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သြဂုတ် ၂၇ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာမှ တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

လိုင်စင်မရှိသော ဆိုက်ကား ၅စီးနှင့် ယာဉ်ကြောပြောင်းပြန် တွန်းသော ကုန်တင်လက်တွန်းလှည်း ၂ စီးကို သြဂုတ်လ ၂၁ ရက်နှင့် ၂၂ ရက်တွင် ဖမ်းဆီး ဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၃ရက်၊ ညနေ ၃ နာရီ တွင် ဦးကျော်ကျော် တာဝန် ထမ်းဆောင်နေစဉ် လမ်းမတော် လမ်းပွဲစားကြီး လက်ဖက်ရည်ဆိုင် အနီး အရောက်တွင် နောက်မှ လူ ၂ဦး လိုက်ပါလာပြီး လက်မောင်းတွင် ဆေးမင်ကြောင်များ ထိုးထားသည့် တစ်ယောက်က အနှေးယာဉ် ဖမ်းဆီးခြင်းကို မကျေနပ်ကြောင်း ရန်စပြောဆို၍ … ထီးအတွင်း ၀ှက်ယူ လာသည့် ဓားဖြင့် ထိုးခဲ့ကြောင်း ၎င်းက ပြောသည်။

““ဦးကျော်ကျော်က ၀ဲဘက်ပေါင်နဲ့ ယာဘက်တင်ပါးမှာ ထိုးသွင်းပြတ်ရှ ဒဏ်ရာတွေနဲ့ ရန်ကုန် ဆေးရုံကြီးမှာ အတွင်းလူနာ အဖြစ်နဲ့ တင်ထားတယ်။ အဲဒီဓားထိုးတဲ့ လူက လသာရဲစခန်းမှာ အမှုတွေ နှစ်ကြိမ် ထက်မနည်းရှိတယ်”” ဟု ၎င်းက ထပ်မံပြောသည်။
အဆိုပါ ဓားထိုးမှုနှင့် စပ်လျဉ်း၍ မျက်မြင်သက်သေ တစ်ဦးက ““ အဲဒီလူက နဂိုကတည်းက သူ့မိန်းမ နဲ့ပဲဖြစ်ဖြစ်၊ တစ်ယောက်တည်းပဲ ဖြစ်ဖြစ် ပွဲစားကြီး လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကျ၊ အဲဒီနေ့က တော့ လူ ၃ယောက် လာထိုင်တာ။ ပုံစံကလည်း တော်တော် ပျာယာခတ်နေတယ်။ အအေးမှာပြီး အပြင်ခဏ ထသွားတာ။ ဓားနဲ့ထိုးပြီး ခဏပဲ ပြန်လာတယ်။ အအေးဖိုး ပေးပြီး သောက်တောင် မသောက်ဘူး ပြေးတော့တာပဲ”” ဟု ပြောသည်။

ဓားဖြင့်ထိုးသူသည် ဇော်မင်းထွန်း(ခေါ်) မင်းမင်း ဖြစ်ကြောင်း၊ ထိုသူက စည်ပင်ဝန်ထမ်းများ အနှေးယာဉ် ဖမ်းဆီးခြင်းကို မကျေနပ်၍ ဓားဖြင့်ထိုးခြင်း ဖြစ်ကြောင်း၊ လမ်းမတော်မြို့နယ်၌ အမှုဖြစ်ပွားခြင်းကြောင့် ဓားဖြင့်ထိုးသူအား လမ်းမတော် ရဲစခန်းမှ ပုဒ်မ ၃၂၄ ဖြင့် အမှုဖွင့် လိုက်လံ ဖမ်းဆီးလျက် ရှိကြောင်း လမ်းမတော်ရဲစခန်းမှ တာဝန်ရှိသူ တစ်ယောက်က ပြောသည်။
ဇင်မာ
မြန်မာသံတော်ဆင့်

0 Comment Box:

Post a Comment


 

Comment Box

Followers