Thursday, August 29, 2013

နိုင်ငံတော်အကြည်ညိုပျက်စေမှု နှင့် ဂုဏ်သရေပျက်မှု ဖြင့် တရားစွဲ ဆိုရာဝယ်


 
 ဒီနေ့ ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ပြည့်စုံတော်မူလှတဲ့
မုံရွာမြို့နယ်တရားရုံးတော် ကြီးမှ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကြီးရပ်ဆိုင်းရေးအတွက်သြဂုတ်လ (၁၃)ရက်နေ့က မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ ဆန္ဒထုတ်ဖော်ရန်အတွက်ပြင် ဆင်ခဲ့သူ ဒေါ်နော်အုံးလှ ကို ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အလုပ်နဲ့ထောင်ဒဏ်(၂)နှစ်ကျခံစေဘို့ အမိန့်ချမှတ်ခဲ့ပြီလို့ အွန်လိုင်းစာမျက်နှာတွေ သတင်းဌာတွေကစာမျက်နှာတွေမှာ ဝေေ၀ဆာဆာတင်နေကြတာကစိတ်ဝင်စား စရာကောင်းလှပါသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု နိုင်ငံတော်ဂုဏ်သိက္ခာကျဆင်းစေမှု ဆိုတာက ခင်ဗျား တို့ ကျွန်တော်တို့ပြည်သူလူထုတွေက လုပ်လို့ရလို့လား။သာမာန်အောက်ခြေမြို့နယ်အ ဆင့် ခရိုင်အဆင့်ဌာနဆိုင်တွေကရော လုပ်လို့ရသလားဆိုပြီး လ္ဘက်ရည်ဆိုင်မှာပြောနေ ကြသံကြားလို့ ၀င်ပြီးဆွေးနွေးမိတယ်။ဒီအကြောင်းစကားစမီပြောဖြစ်ခဲ့ကြတယ်။
နိုင်ငံရေးစိတ်ဝင်စားသူတစ်ယောက်က-နိုင်ငံတော်အကြည်ညိုပျက်အောင် နိုင်ငံတော် ဂုဏ်သရေညှိုးနွမ်းအောင် ကျွန်တော်တို့ ခင်ဗျားတို့ပြည်သူလူထုတွေ အောက်ခြေ အဆင့်ဌာနဆိုင်ရာတွေ လုပ်လို့မရပါဘူး။လုပ်ရင်လည်း နိုင်ငံတော်အကြည်ညိုမပျက် နိုင် ဂုဏ်သရေလည်းမညှိုးနွမ်းနိုင်ပါဘူး။လုပ်ခဲ့ရင်လဲ လုပ်တဲ့သူတွေရဲ့ ဂုဏ်သရေဘဲ ညှိုးနွမ်းမှာပါ သိက္ခာကျမှာပါဆိုပြီး ပြောလိုက်တယ်။
ဆက်ပြောတယ် နိုင်ငံတော်အကြည်ညိုပျက်အောင် ဂုဏ်သရေညှိုးအောင်လုပ်လို့ရတဲ့ သူတွေရှိတယ် အဲဒီသူတွေက နိုင်ငံတော်အကြီးအကဲကြီးတွေ တိုင်းအဆင့် ပြည်နယ် အဆင့် ၀န်ကြီးချုပ်တွေ တရားသူကြီးချုပ်တွေ ကမှ လုပ်လို့ရတာပါ။
ဟိုတစ်လောလေးက စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် တစ်ယောက် ရေဦးဘက်မှာ ရွှေဖြူခိုးတူးတာ လူမိသွားတယ် လူသိသွားတယ် အဲဒီလုပ်ရပ်ကမှ တစ်ကယ့်ကိုအကြီး အကျယ် နိုင်ငံတော်အကြည်အညိုပျက်စေတာ။ပြောကြမှာ နိုင်ငံတော်အဆင့် တိုင်းဒေ သကြီးဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ အခုလိုလုပ်တာ ဟာတိုင်းပြည်က ရွံ့စရာကောင်းလိုက်တာ ကြည်ညိုစရာမကောင်းတော့ဘူး ဘယ်နှယ်ကွာ နိုင်ငံတော် အဆင့်အကြီးအကဲက သူခိုးလုပ်လို့ရတယ်လို့။
နောက်ပြီး တိုင်းတရားလွှတ်တော်ချုပ် မိန်းမရှုပ်လို့ အောက်ချေဝန်ထမ်းတွေအပေါ်မှာ ညစ်ပတ်ပြီး မတရားလုပ်လို့ဆိုပြီး လွှတ်တော်မှာတင်ပြဆွေးနွေးခံရတာတို့ ကမှ တစ် ကယ့်ကို နိုင်ငံတော်အကြည်ညိုပျက်စေပြီး ဂုဏ်သိက္ခပိုင်းဆိုင်ရာတစ်ပြားတစ်ချပ်မှ မရှိအောင်ကျဆင်းစေတာ ဆိုပြီး သုံးသပ်သွားလိုက်တာကလွန်ပါလေရောဘဲဗျာ။
ဆွေးနွေးဘက်တစ်ယောက်ကထပ်ပြီးပြောပြန်တယ် “တစ်ကယ်တန်းကြတော့ ဒီပုဒ်မ ၅၀၅ (ခ)လို့ခေါ်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မက ကျွန်တော်တို့ ခင်ဗျားတို့ ပြည်သူလူထုနဲ့မထိုက်တန်ဘူး။ နိုင်ငံတော်အဆင့် တိုင်းဒေသကြီးအဆင့်ရာထူးရှိတဲ့သူ တွေကိုဘဲ အရေးယူဘို့ထိုက်တန်တဲ့ သင့်တော်တဲ့ပုဒ်မကြီးတစ်ခုဖြစ်တယ်။လွှတ်တော် မှာ ဆွေးနွေးသင့်တယ်။ဒီပုဒ်မ ၅၀၅ (ခ)ကို နိုင်ငံတော်အကြီးအကဲများအား တရားစွဲဆို ရန်အတွက်ဆိုပြီး သီသန့်ပြဌာန်းသင့်လို့ လွှတ်တော်ကိုယ်စားလှယ်ကြီးကလွှတ်တော်မှာ တင်သွင်းနိုင်ရင်အကောင်းဆုံးပုဒ်မကြီးတစ်ခုဖြစ်တယ်”လို့ဆိုပြီးပြောပြီးတရားရုံးဘေးလ္ဘက်ရည်ဝိုင်းကလူစုကွဲသွားခဲ့တယ်။
သူတို့လ္ဘက်ရည်ဝိုင်းကပြောသွားတာတွေက စိတ်ဝင်စားစရာတော့ အကောင်းသား ။ ဟုတ်နိုင်ရဲ့လား…..ဖြစ်နိုင်ရဲ့လား…ဆိုတဲ့ အတွေးကတော့ ကျွန်တော်ခေါင်းချာချာ လည်ပြီး ထပြန်ခဲ့ရတော့တယ်။
အော်…နိုင်ငံတော်အကြည်ညိုပျက်မှုဆိုရာဝယ်….ဂုဏ်သရေပျက်မှုဆို ရာဝယ်…။
သော်က(မုံရွာ)
ThanLarWaddy Times
 

0 Comment Box:

Post a Comment


 

Comment Box

Followers