Thursday, August 29, 2013

မလေးရှားမှအစိုးရမှ တရားမ၀င်သူတွေကို ဖမ်းဆီးမယ်လို့ မနေ့က သတင်းထုတ်ပြီး စတင်ဖမ်းဆီး



မလေးရှားအစိုးရမှ  ၉ လပိုင်း ၁ ရက်နေ့(တနင်္ဂနွေနေ့)မှ စဖမ်းမယ်လို့ မနေ့က မလေးရှားနိုင်ငံထုတ် သတင်းစာတွေမှာ တရားဝင်ရေးသားထားတာတွေ့တယ်။ ဒါပေမယ့် မနေ့ကသတင်းထုတ်ပြန်ပြီး မနေ့ကပဲ  ဂျိုဟိုး(johor bahru) ဘက်မှာ နေရာအချို့ကို ၀င်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ ဂျိုဟိုး ဖမ်းဆီးမှုတွင် အဖမ်းခံရပြီး UNHCR  အထောက်အထားနဲ့ ပြန်လွတ်လာခဲ့တဲ့ ကိုမျိုးဇော်က Myanmar Daily News ကို ပြောပါတယ်။ နောက်ဆက်တွဲမှာပဲ ဒီကနေ့ ဘလက်ကောင်း ဘက်မှာ မနက် ၁၁ နာရီလောက်ကနေ အော်ပရာစီ ၀င်ဖမ်းတယ်လို့ ဘလက်ကောင်း သစ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော ကိုသန်းထွန်းက ဖုန်းဖြင့် သွယ်ပြောကြားသွားခဲ့ပါတယ်။ “ မနက်က စက်ရုံသွားတော့ မန်နေဂျာက မင်းတို့သွားရှောင်နေလို့ပြောတယ်။ ဒီနေ့ အော်ပရာစီ (operacy)၀င်မယ်ဆိုပြီးပြောတယ်။ အဲဒါနဲ့ ကျနော်တို့ အလုပ်မဆင်းပဲ အိမ်ပြန်လာခဲ့ကြတယ်။ အနီးအနားက မြန်မာဆိုင်တွေလည်း အကုန်ပိတ်ထားတယ်။” ဟု ကိုသန်းထွန်းကပြောပါတယ်။

တစ်ဆက်တည်းမှာပဲ အီပို့ (Ipoh) မြို့မှာလည်း ၀င်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။အီပို့ မြို့ဖမ်းဆီးမှုကိုတော့ သေချာမသိရသေးပေမယ့် မလေးရှားနိုင်ငံ မြို့အချို့ နေရာတော်တော်များများကို ၀င်ရောက်ဖမ်းဆီးသွားခဲ့တာပါ။ ဒီနေ့ ကွာလာလမ်ပူမြို့ အချို့နေရာတွေမှာ လမ်းများကိုပိတ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေသလို ဘက်စ်ကားပေါ်ထိ တက်ရောက် စစ်ဆေးမှုများကို ပြုလုပ်နေတာကို တွေ့ရပါတယ်။

အခုလိုဖမ်းဆီးမှုမျိုးဟာ မလေးရှားရောက် မြန်မာလူမျိုးများအတွက် အတော်လေး ဂယက်ရိုက်စရာတစ်ခုဖြစ်ရပါတယ်။ ပြန်ဖို့ကလည်း လကုန်ရက်မဟုတ်သေးတော့ လစာ မရကြသေးတာကြောင့် အခက်အခဲရှိသလို ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာလျှင် မြန်မာလူမျိုးအပါအ၀င် မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်တဲ့ လူမျိုးစုတစ်ချို့အတွက် ပြင်ဆင်ချိန်မရပဲ တော်တော်လေး ဒုက္ခတွေ့နိုင်တဲ့ အနေအထားပါ။

လက်ရှိ မလေးရှားအစိုးရဟာ မလေးရှားနိုင်ငံအတွင်း ဖမ်းဆီးရမိသော တရားမ၀င် အလုပ်သမားတွေကို ဖမ်းဆီးပြီး အမိနိုင်ငံသို့ အခမဲ့ ပြန်လည်ပို့ဆောင်ပေးခြင်းမဟုတ်ပဲ ဥပဒေအရ ထောင် (အနည်းဆုံး) ၄ လကျခံပြီး မလေးရှားရင်းဂစ် ၆၅၀ ပေးသွင်းပြီးမှ မြန်မာပြည်သို့ ပြန်လည်ပို့ဆောင်ပေးတာဖြစ်ပါတယ်။
ထို့ကြောင့် မလေးရှားနိုင်ငံအတွင်း တရားမ၀င် မြန်မာအလုပ်သမားများအနေဖြင့် မိမိအိမ်မှာပင်သည်ဖြစ်စေ အထူးသတိထားနေထိုင်သွားလာကြပါရန် အသိပေးအပ်ပါသည်။

Myanmar Daily News
photo :google

0 Comment Box:

Post a Comment


 

Comment Box

Followers