Saturday, August 31, 2013

အီဒင်မှာ ဘိုင်ယန်အတွက် သူရဲကောင်း ဖြစ်ခဲ့တဲ့ မာတီနက်ဇ်နဲ့ နူအာ

 
ပရိတ်သတ်နဲ့ ပြိုင်ပွဲဝင် အသင်းနှစ်သင်းကို ဧည့်ခံကြိုဆိုတဲ့ ချက်မြေက အိမ်ရှင်ရဲ့ တင်ဆက်မှု အစီစဉ်ကတော့ အံ့မခန်းပါပဲ။ ချဲလ်ဆီးကို ကိုယ်စားပြုတဲ့ အနေနဲ့ ချက်နိုင်ငံရဲ့ လှပျို တစ်ချို့က မိုးပျံပူဖောင်း အပြာတွေကို ခါးမှာ ချိတ်ဆွဲပြီးတော့ ကပြဖျော်ခဲ့ပါတယ်။ ဘိုင်ယန်အတွက် ကိုယ်စားပြုတဲ့ လှပျိုဖြူ တို့ကလည်း ဘောလုံး အနီတွေကို ခါးမှာ ချိတ်ဆွဲပြီး ဘဲလေး ကဟန်နဲ့ မြက်ခင်း စိမ်းထဲမှာ ကပြဖျော်ဖြေ ခဲ့ပါတယ်။ နှစ်ဖက် ကစားသမားတွေ ကွင်းထဲဝင်ဖို့ တာဝန်ရှိသူက အချက် ပြလိုက်တာနဲ့ လှပျိုဖြူတွေက သူတို့ခါးမှာ ချိတ်ဆွဲ ထားတဲ့ မိုးပျံပူပေါင်းကြိုးတွေကို ဖြတ်ပြီး ကောင်းကင်ပေါ်သို့ လွှတ်တင် လိုက်ပါတယ်။ အိမ်ရှင် ချက်နိုင်ငံရဲ့ ကြိုဆိုမှု အခမ်းအနားက သားနားပြီး တာဝန်ကျေခဲ့ပါတယ်။

အပြာရောင်ဝတ် ချဲလ်ဆီး အသင်းသားတွေကို အသင်းခေါင်းဆောင် လက်ပတ် ပတ်ထားတဲ့ လမ်းပတ်က ဦးဆောင်လာပြီးတော့၊ အနီရောင်ဝတ် ဘိုင်ယန် အသင်းသားတွေကိုတော့ လမ်းပတ်က ဦးဆောင်ပြီး ကွင်းထဲ ၀င်လာပါတယ်။ ချဲလ်ဆီးအသင်းကတော့ ၄-၅-၁ ကစားကွက်နဲ့ ပွဲထွက်လာပါတယ်။ ဂိုးသမား နေရာကိုတော့ ဆက်ခ်ျကိုပဲ အသုံးပြုပြီးတော့ ခံစစ်တံတိုင်းကို လူးဝစ်ဇ်၊ ကာဟေးလ်၊ အက်ရှ်လေကိုးနဲ့ အီဗန်နိုဗစ်တို့နဲ့ စုဖွဲ့လာပါတယ်။ ကွင်းလယ်မှာတော့ လမ်းပတ်၊ ရာမီးရက်စ်၊ အော်စကာ၊ ဟာဇက်ဒ်၊ ရှိုယေးတို့ကို တွဲကစား စေပြီးတော့ တိုက်စစ်မှာ တောရက်စ်ကို အထောင် အဖြစ် ကစား စေခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ် ကလည်း ၄-၅-၁ ကစားကွက်နဲ့ပဲ ပွဲထွက်လာပါတယ်။ ဂိုးအဖြစ် နူအာကိုပဲ သုံးခဲ့တယ်။ နောက်တန်း မှာတော့ အလဘာ၊ ဘိုအာတန်၊ ဒန်တီ၊ ရာဖင်ဟာ တို့ကို ကစားစေခဲ့တယ်။ ကွင်းလယ်မှာတော့  ဖိလစ်လမ်း၊ ခရို့စ်၊ ရော်ဘင်၊ ရီဘာရီ၊ မူလာ တို့ကို အသုံးပြုပြီးတော့ မန်ဇူးကစ်ကို အထောင်တိုက်စစ်မှုး တာဝန်ပဲ ထမ်းစေခဲ့ပါတယ်။

ပွဲစတာနဲ့ ဘိုင်ယန်က စပေးဘောရတယ်။ ဘောလုံး ပိုင်ဆိုင်မှုအသာနဲ့ တစ်ဖက်ကို ဖိအားပေးတတ်တဲ့ ဟန်နဲ့ပဲ ဘိုင်ယန်က ပွဲကို စတင်ခဲ့တယ်။ ရီဘာရီနဲ့ ရော်ဘင်တို့က ချဲလ်ဆီးနောက်တန်းကို ထိုးဖောက်ဖို့ ကြိုးစားတယ်။ ပွဲစပြီးမကြာဘူး ရီဘာရီ ကန်ခွင့် ရခဲ့တယ်။ ဒါပေမယ့် ဂိုးပေါက် မတည့်ခဲ့ပါဘူး။ ချဲလ်ဆီးကလည်း အော်စကာ၊ ဟာဇက်ဒ်၊ ရှိုယေးတို့ရဲ့ တွဲလုံးတွေနဲ့ ဘိုင်ယန်ကို ပြန်ပြီး ဖိအားပေးတယ်။ အပြန်ပြန် အလှန်လှန် ဖိအားပေးကြရင်းနဲ့ ချဲလ်ဆီးရဲ့ ၁၈ ကိုက် အလွန်မှာ မန်ဇူးကစ်နဲ့ လူးဝစ်တို့ အချင်းများ ခဲ့ကြပါတယ်။ ကွင်းလယ်ဒိုင် ၀င်ရောက် ဖြန်ဖြေမှ ငြိမ်သွား ခဲ့ကြတယ်။

ပွဲချိန် (၇)မိနစ်မှာပဲ ရီဘာရီက ဘယ်ဘက်ကနေ ထိုးဖောက်လာပြီး ချဲလ်ဆီးဂိုးပေါက်ထဲကို ကန်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဂိုးပေါက် လွဲသွားခဲ့ပါတယ်။ ကွင်းတစ်ဝက် အထိ ဖိအားပေးနေတဲ့ ဘိုင်ယန်တိုက်စစ်ကို ဟန့်တားရင်း တောင်ပံ ကစားသမား ဟာဇက်ဒ်ဟာ တန်ပြန်တိုက်စစ် ပုံဖော်ပြီး ဘိုင်ယန် ကစားသမားတွေကို ကျော်ဖြတ်လာတယ်။ ကိုက် ၃၀ လောက်မှာ ညာဘက်ကနေ ပြေးတတ်လာတဲ့ ရှိုယေးဆီကို လှမ်းခင်းပေးလိုက်တယ်။ ရှိုယေးက တောက်လျှောက်ဆွဲသွားပြီးတော့ ဂိုးရှေ့ကို ခါးပြတ်ဘောလေး လှမ်းတင်ပေးလိုက်တယ်။ အသင့်ပြေးလာတဲ့ တိုက်စစ်မှုး တောရက်စ် ပင်နယ်တီ စည်းရှေ့ ၃ ကိုက်လောက်ကနေ ဂိုးပေါက်ထဲကို ပိတ်သွင်း လိုက်တယ်။ သပ်ရပ်လှတဲ့ တောရက်စ်ရဲ့ ကန်သွင်းမှုပါပဲ။ နူအာ မလှုပ်နိုင်ခဲ့ပါဘူး။

ဦးဆောင်ဂိုးပေးလိုက်ရတဲ့ ဘိုင်ယန်ဟာ ပိုပြီးတော့ ဖိလာပါတယ်။ ချဲလ်ဆီးကလည်း ခံစစ်ကစားရင်းနဲ့ တန်ပြန် တိုက်စစ်ကနေတစ်ဆင့် ဘိုင်ယန်ကို ဖိအားပေး ခဲ့ပါတယ်။  အထူးသဖြင့် ဘိုင်ယန်အသင်းဟာ အီဗန်နိုဗစ် ကစားနေတဲ့ အခြမ်းကနေ အသားပေး ထိုးဖောက် ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီဘာရီနဲ့ ရော်ဘင်တို့ဟာ ချဲလ်ဆီးရဲ့ (၁၈)ကိုက် စည်းထဲကို မ၀င်နိုင်ခဲ့ပါဘူး။ (၁၈) ကိုက်ထိပ်ကနေ ကန်သွင်းခွင့်တွေ ရခဲ့ပေမယ့်လည်း၊ ရီဘာရီနဲ့ ရော်ဘင်တို့ လွတ်လွတ်လပ်လပ် ကန်သွင်းခွင့် မရအောင် ချဲလ်ဆီး နောက်တန်းတွေ အကောင်းဆုံး ကစားပြနိုင်ခဲ့ပါတယ်။ အထူးသဖြင့် လူးဝစ်ဇ်နဲ့ ကာဟေး အတွဲဟာ နားလည်မှု ရှိရှိနဲ့ ဘိုင်ယန်တိုက်စစ်ကို ဟန့်တား နိုင်ခဲ့ပါတယ်။ ဘိုင်ယန်အသင်းဟာ ရီဘာရီနဲ့ ရော်ဘင်တို့ရဲ့ တောင်ပံကနေပဲ အသားပေး ထိုးဖောက်နေတဲ့ အတွက် မန်ဇူးကစ် လူပိုတစ်ယောက်လို ဖြစ်ခဲ့ရပါတယ်။ ပွဲချိန်(၃၁)မိနစ်မှာပဲ တန်ပြန်တိုက်စစ်ကနေ ရှိုယေးက ညာတောင်ပံက ခုတ်တင်ပေးလိုက်တာကို တောရက်စ် ဘောလုံးကို ထိန်းယူ ဆွဲဝင်သွားပြီး အပိုင် ကန်သွင်းခဲ့ပေမယ့်၊ ဂိုးဘားပေါ် အနည်းငယ် ကျော်သွားခဲ့ပါတယ်။ ပွဲချိန် (၃၇)မိနစ်မှာ ရော်ဘင်က မူလာဆီကို လှမ်းခင်းပေးလိုက်တယ်။ မူလာက ညာထောင့်ကနေ အပိုင်ကန်သွင်းခဲ့ပေမယ့် ကာဟေး လျှောထိုး ဟန့်တား ခဲ့လို့ ထောင့်ကန်ဘော ဖြစ်သွားခဲ့ပါတယ်။ ဘိုင်ယန်အနေနဲ့ ကွင်းတစ်ဝက်လုံး ဖိကစား ပြီး ချဲလ်ဆီးကို ဖိအားပေး ခဲ့သလို၊  ချဲလ်ဆီးကလည်း တန်ပြန်တိုက်စစ်ကနေ ဘိုင်ယန်နောက်တန်းကို ဖိအားပေး သွားခဲ့ပါတယ်။ ပထမပိုင်း (၄၅)မိနစ် (၁-၀)ဂိုးနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။


ဒုတိယပိုင်း စပါပြီ။ ချဲလ်ဆီးက စဘောပေး ရတယ်။ တောရက်စ်နဲ့ အော်စကာ အပေးအယူ လုပ်ပြီး ဒုတိယပိုင်းကို စတင်လိုက်တယ်။ ချဲလ်ဆီး အပေးအယူလုပ်ပြီး ဘိုင်ယန်ဘက်ကို ထိုးဖောက်ဖို့ ပြင်ဆင်လာတယ်။ အပေးအယူ လုပ်ရင်း ပျက်သွားတယ်။ ဘောလုံး ဘိုင်ယန် ခြေထဲရောက်သွားပြီး ချဲလ်ဆီးဘက်ကို အပေးအယူနဲ့ ထိုးဖောက်ဖို့ ကြိုးစားလာတယ်။ ပွဲချိန် (၄၇)မိနစ်မှာပဲ လမ်းရဲ့ အမှားကနေ တစ်ဆင့် ရှိုယေး ဘောလုံး ရသွားပြီး၊ ဘိုင်ယန်နောက်တန်းကို တန်ပြန်တိုက်စစ်နဲ့ ထိုးဖောက်သွားတယ်။ ဒါပေမယ့် ချဲလ်ဆီးကွင်းလယ်က မျှောပေးတာ များသွားတယ်။ နူအာ ဘောလုံးဦးသွားပြီးတော့ ကွင်းလယ်ကို လှမ်းပေး လိုက်တယ်။ ခရို့စ်ကနေပြီးတော့ ရီဘာရီကို လှမ်းပေးလိုက်တယ်။ ရီဘာရီ (၁၈)ကိုက်ထိပ်ကနေ ပီတာချက်ရဲ့ ညာဖက်ကို လှမ်းကန်သွင်းတယ်။ ပီတာချက် မတတ်နိုင်ခဲ့ပါဘူး။ ချေပဂိုး ပေးလိုက်ရပါတယ်။ ဂိုးပေး လိုက်ရပြီး (၁)မိနစ် အကြာမှာပဲ ရီဘာရီက ဘယ်တောင်ပံကနေပဲ (၁၈)ကိုက်ထိပ်ကနေ လှမ်းကန်ထည့်တယ်။ အနည်းငယ် များသွားပြီး ဘေးကိုထွက်သွားတယ်။ ဘိုင်ယန်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ချဲလ်ဆီးကို ဆက်လက်ဖိအားပေး နေခဲ့ပါတယ်။ ပွဲချိန် (၅၇)မိနစ်မှာပဲ ဂွါဒီယိုလာက ရာဖင်ဟာ အစား မာတီနက်ဇ်ကို ထည့်ပြီးတော့၊ ကွင်းလယ်မှာ ကစားနေတဲ့ ဖိလစ်လမ်းကို နောက်တန်း ပြန်ကစားခိုင်း ခဲ့ပါတယ်။ မာတီနက်ဇ် ၀င်လာပြီး နောက်ပိုင်း ဘိုင်ယန်က ပိုပြီး စီးသွားခဲ့ပါတယ်။

ပွဲချိန် (၆၃)မိနစ်မှာတော့ ဘိုင်ယန်အသင်းက နောက်တန်းမှာ အပေးအယူ လုပ်ရင်း ဒန်တီ ချော်လဲသွားပါတယ်။ ရှိုယေးက ဒန်တီဆီကနေ ထွက်လာတဲ့ ဘောလုံးကို (၁၈)ကိုက်ထဲမှာ အသင့်ရှိနေတဲ့ အော်စကာဆီကို လှမ်းခင်းပေးလိုက်တယ်။ အော်စကာ ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့ ကန်သွင်းမယ့်ဟန်ပြပြီး လိမ်ခေါက်ဖို့ ကြိုးစားတယ်။ အော်စကာ ဆုံးဖြတ်ချက် မှားသွားခဲ့လို့ ချဲလ်ဆီးအနေနဲ့ ဦးဆောင်ဂိုးရမယ့် အနေအထားနဲ့ လွဲချော်ခဲ့ပါတယ်။  ပွဲချိန်(၇၁)မိနစ်မှာ ပီတာချက် အမှားကျူးလွန်ခဲ့ပါတယ်။ အန္တရာယ်များလွန်းတဲ့ အမှားမျိုးပါ။ ဒါပေမယ့် ချဲလ်ဆီး ကံကောင်း သွားခဲ့ပါတယ်။ ဘေးထွက်ဘော ဖြစ်သွားတယ်။ ပွဲချိန် (၇၁)မိနစ်မှာပဲ ဂွါဒီယိုလာက မူလာကိုထုတ်ပြီး ဂေါ့ဇီကို ၀င်ရောက် ကစားစေခဲ့ပါတယ်။ ပွဲချိန် (၇၈)မိနစ်မှာ ထောင့်ကန်ဘောကနေ တစ်ဆင့် လမ်းပတ် ကန်တင်တာကို အီဗန်နိုဗစ် ခေါင်းတိုက်တယ်။ တိုက်ချက်ကောင်းပေမယ့် ဘားတန်းထိသွားလို့ ချဲလ်ဆီးကံခေ ခဲ့ပါတယ်။ ပွဲချိန် (၈၅)မိနစ်မှာ ထောင့်ကန်ဘောကနေ လူးဝစ်ဇ် အပိုင် ခေါင်းတိုက်သွင်းပေမယ့် ဂိုးသမား နူအာ ကာကွယ်သွားခဲ့ပါတယ်။ ပွဲချိန် (၈၇)မိနစ်မှာတော့ ဂေါ့ဇီဘောလုံး ဆွဲလာတာကို ရာမီးရက်စ်က ခြေပေါက်ဝင်လို့ ကွင်းလယ်ဒိုင်က အ၀ါကဒ် ပြခဲ့ပါတယ်။ တစ်ဝါထိပြီးသား ရာမီးရက်စ် နှစ်ဝါတစ်နီနဲ့ အထုတ် ခံလိုက်ရပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ ပြောရပါမယ်။ ရာမီးရက်စ် ၀င်တာ အတော်လေး ကြမ်းသွား ခဲ့ပါတယ်။

(၁၁)ယောက်ချင်း ခံစစ် အနေထားမှာ တစ်ယောက်လျော့ ဖြစ်သွားတဲ့ အတွက် ချဲလ်ဆီး ပိုပြီး အခက်တွေ့သွားခဲ့ပါတယ်။ ချဲလ်ဆီးက ရှိုယေးအစား မီခေးလ်ကို ၀င်ရောက် ကစားစေခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ဘိုင်ယန်ရဲ့ တိုက်စစ်ကိုသာ ခံကစား နေခဲ့ရပါတယ်။  ပွဲချိန် မိနစ် (၉၀) ပြီးဆုံးသွားခဲ့ပါတယ်။ အချိန်ပို ကစားခဲ့ပါတယ်။ အချိန်ုပို (၉၂)မိနစ်မှာပဲ ဟာဇက်ဒ်က တစ်ကိုယ်တော် ဆွဲဝင်လာပြီး တောရက်စ်ကို ထိုးပေးဟန်နဲ့ ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲကို ကန်သွင်း လိုက်ပါတယ်။ နူအာ မလှုပ်နိုင်ပဲ ဦးဆောင်ဂိုး ပေးလိုက် ရပါတယ်။

ဦးဆောင်ဂိုး ရပြီး ချဲလ်ဆီးအသင်းဟာ ပိုပြီး ပိတ်ကစားလာခဲ့ပါတယ်။ တစ်ယောက် လျော့ အနေအထားမို့ ချဲလ်ဆီးအသင်း တန်ပြန်တိုက်စစ် မလုပ်နိုင်တော့ပဲ အနိုင်ရလာဒ်ကို ထိန်းသိမ်းဖို့ ပိတ်ကစားခဲ့ပါတယ်။ ဘိုင်ယန်က ရော်ဘင်ကို ထုတ်ပြီး ရှက်ကွီရီကို ၀င်ရောက် ကစားစေခဲ့ပါတယ်။ ချဲလ်ဆီးကလည်း တောရက်စ်ကို ထုတ်ပြီး လူကာကူကို လူစားဝင် စေခဲ့ပါတယ်။ ပွဲချိန် (၁၀၈)မိနစ်မှာ မန်ဇူးကစ် အပိုင် ခေါင်းတိုက်သွင်းပေမယ့်လည်း ပီတာချက် ကာကွယ်သွားခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ မာတီနက်ဇ် အနီးကပ် ခေါင်းတိုက် သွင်းခဲ့ပေမယ့်လည်း ပီတာချက်က အံ့ဖွယ် ကာကွယ်ပေးသွား ခဲ့ပြန်ပါတယ်။ ချဲလ်ဆီးအသင်းက ဟာဇက်ဒ်အစား တယ်ရီကို ၀င်ရောက် ကစားစေပြီး၊ ခံစစ်ထပ်မံ အားဖြည့် ခဲ့ပါတယ်။ ပွဲချိန် (၁၁၉)မိနစ်မှာတော့ ချဲလ်ဆီးရဲ့ (၁၈)ကိုက်ထိပ်မှာ ဘိုင်ယန်က ပြစ်ဒဏ်ဘော ရခဲ့ပါတယ်။ ရီဘာရီ ကန်သွင်းပါတယ်။ ဂိုးသမားရဲ့ ညာဘက်ထောင့်ကို အသာအယာ ကန်သွင်းလိုက်ပါတယ်။ ပီတာချက် အံ့ဖွယ် ပုတ်ထုတ် ကာကွယ်သွားပါတယ်။ ကွင်းလယ်ဒိုင်က နာကျင် အချိန်ပို တစ်မိနစ် ပေးခဲ့ပါတယ်။ နာကျင်အချိန်ပို တစ်မိနစ်ရဲ့ နောက်ဆုံး စက္ကန့်ထဲကို ရောက်လာချိန်မှာတော့ မာတီနက်ဇ်က အသဲခွဲဂိုးကို သွင်းယူသွားခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူ ခဲ့ကြပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းမှ ကစားသမား (၅)ဦးစလုံး ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းခဲ့ပြီး၊ ချဲလ်ဆီးမှ နောက်ဆုံး ကန်သွင်းသော လူငယ် တိုက်စစ်မှုး လူကာကူရဲ့ ကန်သွင်းချက်ကို နူအာက ကာကွယ် သွားခဲ့ပါတယ်။ (၇-၆)နဲ့ ဘိုင်ယန်မြူးနစ် အသင်းက  ချဲလ်ဆီးအသင်းကို အနိုင်ရရှိသွားပြီး ဥရောပ စူပါဖလားကို ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။

Football Café

0 Comment Box:

Post a Comment


 

Comment Box

Followers