Monday, September 2, 2013

ရခိုင်ပြည်နယ် တရားသူကြီး အကျင့်ပျက်သည်ဟု စွပ်စွဲမှု ယနေ့စတင်စစ်ဆေးမည်

 
ငွေကြေး လိမ်လည်မှုများတွင် လိမ်လည်သူထံမှ လာဘ်ငွေများယူ၍ ဥပဒေအရ အကာအကွယ် ပေးထားသည်ဟုဆိုကာ စွပ်စွဲပြစ်တင်ခံထားရသည့် ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်စီစီကို ယနေ့စတင်စစ်ဆေးမည် ဖြစ်ကြောင်း ယင်းစွပ်စွဲမှုကို စစ်ဆေးရန် ဖွဲ့စည်းထားသည့် စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောကြားသည်။

မြောက်ဦးမြို့၌ ဆန်စပါး ရောင်းဝယ်မှုများနှင့် ပတ်သက်၍ ဒေသခံများထံမှ ကျပ်သိန်းပေါင်း ၄၃၀၀ ကျော် လိမ်လည်ထားသည်ဆိုသည့်
ဆန်စက်လုပ်ငန်းရှင် တစ်ဦးထံမှ လာဘ်ငွေများယူ၍ အကာအကွယ် ပေးထားသည်ဟုဆိုကာ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံကျော် (ကိုယ်စားလှယ် ၁၄ ဦး) လက်မှတ်ရေးထိုးကာ သြဂုတ်လ ၁၄ ရက်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် အဆိုပါ တရားသူကြီးကို စွပ်စွဲ ပြစ်တင်ခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။

အဆိုပါအမှုကို စစ်ဆေးရန် ရခိုင်ပြည်နယ် လွှတ်တော်က သြဂုတ်လ ၃၀ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်လေးဦးနှင့် အခြားတစ်ဦး အပါအဝင် ငါးဦးဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။

စုံစမ်းစစ်ဆေးမှုကို စက်တင်ဘာလ၂ ရက်နေ့မှ စတင်ကာ အောက်တိုဘာလ ၁၆ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ပြီး အစီရင်ခံစာကို တင်ပြရမည် ဖြစ်ကြောင်း၊ နောက်တစ်ကြိမ်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ယင်းကိစ္စကို ဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပါ ကိုယ်စားလှယ်များထံမှ သိရှိရသည်။

အထက်ပါ ဆန်စက်လုပ်ငန်းရှင်က လယ်သမားများ၊ ဆန်ကုန်သည်များနှင့် ဒေသခံများထံမှ ဆန်စပါးအကြွေးဝယ်ယူမှု၊ ကုန်သည်များနှင့် အစိုးရမဟုတ်သော အသင်းအဖွဲ့များထံမှ ဆန်စပါး ဝယ်ပေးမည်ဆိုကာ ပိုက်ဆံယူထားပြီး ကတိအတိုင်း ပြန်လည် လုပ်ဆောင်ပေးခြင်း မရှိကြောင်း၊ ယင်းကိစ္စကို တရားဆွဲဆိုရာတွင် မြို့နယ်၊ ခရိုင်အဆင့်တွင် တရားစွဲဆိုနိုင်သော်လည်း ပြည်နယ်အဆင့်တွင် တရားသူကြီးက ပယ်ချသဖြင့် အဆိုပါနစ်နာသူများက လွှတ်တော်ကိုယ်စားလှယ်များကို တိုင်ကြားခဲ့ကြောင်း ဦးအောင်မြကျော်က ဆိုသည်။

ရခိုင်ပြည်နယ် တရားစီရင်ရေး ပြိုလဲမှုကို တည့်မတ်ပေးရန် ကြိုးစားမှု လမ်းစတစ်ခု ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ စွပ်စွဲပြစ်တင်မှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်စီစီထံသို့ စက်တင်ဘာလ ၁ ရက်နေ့က ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ပြည်နယ်တရားလွှတ်တော် တရားသူကြီးကို စွပ်စွဲပြစ်တင်မှု မှန်ကန်၍ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်ဟု ဆုံးဖြတ်လျှင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ဝန်ကြီးချုပ်ကို တင်ပြရမည်ဖြစ်ပြီး ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတကို တင်ပြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်ခံရသည့် ပြည်နယ်တရား လွှတ်တော်တရားသူကြီးကို ရာထူးမှ ရပ်စဲရမည် ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၁၁ တွင် ဖော်ပြသည်။
The Voice Weekly
 

0 Comment Box:

Post a Comment


 

Comment Box

Followers