Wednesday, September 18, 2013

ဝိုင်းမော်မြို့ နယ်၊ဒိန်ကျန်ယန်ရွာသားများ အစိုးရပြည်သူ့စစ်မှ လုံးဝရပ်စဲပေးစေလို


 
ကချင်ပြည်နယ်၊၀ိုင်းမော်မြို့ နယ်၊ဒိန်ကျန်ယန်ကျေးရွာရှိ ပြည်သူ့စစ်စခန်းတွင် ရွားသားများမှ ပြည်သူ့စစ်တာဝန်ကို တစ်နှစ်လျှင် လေးလခန့် အလှည့်ကျ တာဝန်ထမ်းဆောင်နေရသည့် အတွက် စား၊၀တ်၊နေရေး အခက်အခဲများ ကြုံတွေ့နေရခြင်းကြောင့် ပြည်သူ့စစ် လုပ်ကိုင်ခြင်းမှ လုံးဝရပ်စဲလိုကြောင်း ပြည်သူ့စစ်တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ပြောသည်။

၎င်းက “တပ်စခန်းရှိတာကို မကြိုက်ဘူးပြောတာမဟုတ်ဘူး။ဒါပေမဲ့ တပ်စခန်းမှာ ပြည်သူ့စစ်ရွာသား တွေပါဝင်နေတာတွေကို လုံးဝရပ်ဆိုင်းစေချင်တာ။ပြည်သူ့စစ်တာဝန်ထမ်းဆောင်တဲ့ အချိန်ရက်ပေါင်း တစ်ရာကျော်လောက်ကို ကိုယ်ရေးကိုယ်တာဘာမှ လုပ်လို့မရဘူး၊ပြည်သူ့စစ်ရှိနေသရွေ့ကတော့ မိသားစု စားဝတ်နေရေး ခက်နေအုံးမှာဘဲ”ဟုပြောသည်။

ပြည်သူ့စစ်တာဝန်ထမ်းဆောင်နေရသည့်အတွက် အိမ်ထောင်သည် ဇနီး သား၊သမီးများ၏ စားဝတ်နေရေး၊ပညာရေး၊ကျန်းမာရေးများတွင် အခက်အခဲများစွာကြုံတွေ့နေခြင်း၊ ကျေးရွာ အနေဖြင့်လည်း တောင်သူလယ်သမား၊ မရှိဆင်းရဲသားများသာ ဖြစ်သည့်အတွက် ပြည်သူ့စစ် တာဝန်ထမ်းဆောင်နေသူများကို လုံလောက်ပြည့်စုံအောင် အထောက်ပံ့နိုင်ခြင်း၊ တစ်ချို့ အိမ်ထောင် များမှာ ပြည်သူ့စစ်တာဝန်ထမ်းဆောင်ရန် လူငှါးခ တစ်လလျှင် ကိုးသောင်း တစ်သိန်းခန့် ကုန်ကျနေ ရခြင်း စသည့် အခက်အခဲများကြောင့် လုံးဝရပ်စဲလိုကြောင်းလည်းသိရသည်။

ဒိန်ကျန်ယန်ကျေးရွာရှိပြည်သူ့စစ်စခန်းကို အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ စစ်ပွဲမစတင်မှီ ငါးလခန့်အလိုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများထံသို့ စစ်တပ်မှ “မင်းတို့ရွာက မြို့ နဲ့လည်းအလှမ်းဝေးတယ်။ရဲစခန်းနဲ့လည်း အဝေးကြီးဘဲ၊မင်းတို့ရွာမင်းတို့ကာကွယ်နိုင်ဖို့ ပြည်သူ့ စစ်ဖွဲ့ရမယ်” ဟုပြောဆိုကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးကပြောသည်။

ရွာသား (၃၀)ခန့် ပြည်သူ့ စစ်လုပ်ကိုင်နေ ရကြောင်းလည်းသိရသည်။သို့သော်လည်း မိမိတို့ကျေးရွာ၏ လုံခြုံရေးဟုပြောဆိုသော်လည်း လက်တွေ့တွင် ဖြစ်မလာကြောင်း ပြည်သူ့စစ်တစ်ဦးက “ကျေးရွာကာ ကွယ်ဖို့ဆိုရင်ကတော့ကောင်းတယ်လေ၊အခုကကျေးရွာကာကွယ်ဖို့မဟုတ်ဘူး။သူတို့ခိုင်းဖက်ဖြစ်နေတာ”ဟုပြောသည်။

ပြည်သူ့စစ်တာဝန်ထမ်းဆောင်နေသည့်အချိန်တွင်လည်း စစ်တပ်ရှိ အရာရှိများ၏ ကိုယ်ရေးကိုယ်တာ ခိုင်းစေမှုများ လုပ်ကိုင်နေရခြင်း၊စစ်တပ်မှု ထောက်ပံ့မှုမရှိသည့်အတွက် ကိုယ်ရိက္ခာ ကိုယ်ယူကာ တာဝန်ထမ်းဆောင်နေရခြင်း၊စစ်ဝတ်စုံများကို မိမိပိုက်ဆံဖြင့် ၀ယ်ယူရခြင်းနှင့် စစ်သားများ၏ ဝေယျဝိစ္စများကိုသာ လုပ်ကိုင်နေရကြောင်း ဆက်ပြောသည်။

ဒိန်ကျန်ယန်ကျေးရွာသူရွာသားတွေ အနေဖြင့် ကျေးရွာပြည်သူ့စစ် လုပ်ကိုင်နေရသည့်အခက်အခဲမှ ရပ်စဲနိုင်ရန် ၀ိုင်းမော်မြို့ နယ် အုပ်ချုပ်ရေးမှူးနှင့် အမှတ်(၅၈) ခြေလျင်တပ်ရင်းသို့ ၂၀၁၃ခုနစ် ဧပြီလ နှင့် သြဂုတ်လတွင် စာတင်ပြထားခြင်းမျာပြုလုပ်သော်လည်း ပြည်သူ့စစ် ဆက်လျက် ထမ်းဆောင်နေကြောင်းလည်းသိရသည်။

ဒိန်ကျန်ယန်ကျေးရွာတွင် အိမ်ခြေစုစုပေါင်း (၂၀၀)ကျော်ခန့်ရှိပြီး ကချင်မျိုးနွယ်စုဖြစ်သည့် လီးဆူး၊ လော်ဝေါ်၊ ဂျိန်းဖောလူမျိုးများ အများဆုံးနေထိုင်သော ကျေးရွာလေးဖြစ်သည်။အများစုမှာ တောင်ယာ လုပ်ငန်းလုပ်ကိုင်နေသူများ ဖြစ်သည်။
 
 (Kwave) 

Lachid Kachin
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers