Friday, September 27, 2013

သတင်းထောက်အား တောင်းပန်ရန် အစီအစဉ်မရှိဟု ယူနတီဆို


ယူနတီဂျာနယ်မှ အလုပ်ထုတ်ပယ်ခြင်းခံခဲ့ရသူ သတင်းထောက်ချုပ်မှ ၄င်းအား ဂျာနယ်မှ ပြန် တောင်းပန်ခိုင်းသည့် ကိစ္စအပေါ်တွင် ပြန်လည်တောင်းပန်သွားရန် အစီအစဉ်မရှိကြောင်း ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်ဦးတင်စန်းက ဆိုသည်။

“ ဂျာနယ်အနေနဲ့ ပြန်တောင်းပန်ဖို့အစီအစဉ်လုံးဝမရှိပါဘူး၊ သူ့ဟာသူ ဘယ်လိုလုပ်လုပ်၊ ဘယ်လိုလမ်းကြောင်းကပဲလုပ်လုပ် တောင်းပန်မှာ မဟုတ်ပါဘူး” ဟု ဦးတင်စန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ကျင့်ဝတ်လိုက်နာမှု မည်သူက ရှိသည်ဆိုသည်မှာ နောက်ပိုင်းတွင် အဖြေပေါ်လာမည်ဖြစ်ကြောင်းကိုလည်း ၄င်းက ဆိုသည်။



အပတ်စဉ်ထုတ်ပြည်တွင်းဂျာနယ်တစ်စောင်ဖြစ်သည့် ယူနတီဂျာနယ်မှ ၎င်းအား အကြောင်းမဲ့ အလုပ်မှထုတ်ပယ်၍ စွပ်စွဲ ရေးသားဖော်ပြမှုများပြုလုပ်ခဲ့သည်ဟု ယူနတီဂျာနယ်၌သတင်းထောက်ချုပ်ရာထူး လုပ်ကိုင်ခဲ့သူ ကိုသာမိုးကြည်အောင်က စက်တင်ဘာလ ၂၇ ရက်နေ့က မြန်မာဂျာနယ်လစ်ကွန်ယက် MJN တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်။

“ကျွန်တော့်ကို သူတို့က တာဝန်မသိသော တာဝန်ရှိသူတစ်ဦးလို့ သုံးနှုန်းရေးသားထားတယ်။ နစ်နာကြေးတွေ၊ ရပိုင်ခွင့် ကိစ္စတွေလည်း သူတို့နဲ့တိုက်ရိုက် မညှိနှိုင်းတော့ပါဘူး။ စာနယ်ဇင်းကောင်စီကို တိုင်ကြားပြီးတော့ ဆက်လက်ညှိနှိုင်း သွားမှာပါ” ဟု ကိုသာမိုးကြည်အောင်က ပြောသည်။

ယူနတီဂျာနယ်တိုက်မှ ၎င်းအား အလုပ်ထုတ်မည်ဆိုသည့်အချိန်က မူဝါဒမကိုက်ညီ၍ အလုပ်မှထုတ်ရခြင်းဖြစ်ကြောင်း ဂျာနယ်တိုက်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးစောသန်းမြင့်မှ ပြောခဲ့သော်လည်း အလုပ်ထုတ်ခံရပြီးနောက်ပိုင်းတွင် ဦးအိုက်လင်း သတင်းများကို ရေးသားဖော်ပြခဲ့မှုကြောင့် အလုပ်မှထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု အဆိုပါဂျာနယ်တိုက်မှ အမှုဆောင် အရာရှိချုပ် ဦးတင်ဆန်းက ပြောခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ကိုသာမိုးကြည်အောင်သည် သြဂုတ်လ ၁ ရက်နေ့က ယူနတီဂျာနယ်တိုက်မှ အလုပ်ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။

“အများပြည်သူအကျိုးအတွက် ရေးသားပေးနေတဲ့ သတင်းထောက်အပေါ်မှာ ဒီလိုမျိုးလုပ်တဲ့အတွက် ယူနတီဂျာနယ်ရဲ့ လုပ်ဆောင်မှုက တော်တော်ကို ရုပ်ဆိုး အကျည်းတန်ပါတယ်။ ယူနတီဂျာနယ်ကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချပါတယ်။ ”ဟု ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့(MDCF)မှ အထက်မြန်မာပြည်တာဝန်ခံ ကိုသိန်းအောင်မြင့်က ပြောသည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်ထုတ် ယူနတီအပတ်စဉ်ဂျာနယ်တွင် အများသိစေရန် ကြေညာခြင်းဟု ဖော်ပြခဲ့ခြင်းမှာ ၎င်းကို ဂုဏ်သိက္ခာညှိုးနွမ်းစေရန် ရည်ရွယ်၍ရေးသားဖော်ပြခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ၎င်းအပေါ် ရေးသားခဲ့ခြင်းသည် စာ နယ်ဇင်းတစ်ရပ်၏ ကျင့်ဝတ်ကို ဖောက်ဖျက်နေသည့်အပြင် ယူနတီဂျာနယ်မှ ငွေကြေးအကျိုးအမြတ်သက်သက်အတွက် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ကိုသာမိုးကြည်အောင်မှ ကြေညာချက်ထုတ်ပြန်ထားသည်။

“ကျွန်တော်ထုတ်ထားတဲ့ ကြေညာချက်မှာ ပါတဲ့အတိုင်း ၇ ရက်အတွင်း ပြန်တောင်းပန်ပါ၊ အဲ့ဒီအတိုင်း မလိုက်နာဘူးဆိုရင် တော့ မီဒီယာနဲ့ပတ်သက်တဲ့ သက်ဆိုင်ရာလမ်းကြောင်းအတိုင်းသွားမယ်။ ဥပဒေလမ်းကြောင်းအတိုင်းလည်း ဆက်လက် ဖြေရှင်းသွားမှာပါ ”ဟု ကိုသာမိုးကြည်အောင်က ပြောသည်။

သတင်းထောက် သာမိုးကြည်အောင်သည် မရမ်းကုန်းမြို့နယ်ရှိ မြေကိစ္စများနှင့်ပက်သက်၍ ဦးထင်ကျော်နှင့် ဦးအိုက်လင်း တို့၏ သတင်းများရေးသားခဲ့ဖူးပြီး ဦးအိုက်လင်းဘက်မှ ၎င်းအား ဂုဏ်သိက္ခာချသည့်စာသားများ ခေါင်းစဉ်တပ်၍ ရေးသားခဲ့ သည်ဟုဆိုကာ ကိုသာမိုးကြည်အောင်နှင့် ယူနတီသတင်းဂျာနယ်တိုက်အား ဥပကြောင်းအရ သတိပေးချက် ထုတ်ပြန်ခဲ့ဖူး ကြောင်း သိရသည်။

0 Comment Box:

Post a Comment


 

Comment Box

Followers