Saturday, September 21, 2013

ထိုင်းရောက်ဗီဇာသက်တမ်းကုန် မြန်မာများ နိုဝင်ဘာလတွင် သက်တမ်း တိုးခွင့်ရမည်



နေထိုင်ခွင့် ဗီဇာသက်တမ်း လေးနှစ်ကုန်ဆုံးသည့် မြန်မာလုပ်သားများ အလုပ်ဆက်လက် လုပ်ကိုင်ခွင့် ရရှိရန် ထိုင်းနိုင်ငံရှိ ရုံးများတွင် နိုဝင်ဘာလအတွင်း ဗီဇာသက်တမ်းတိုးပေးမည်ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။ ထိုင်းနိုင်ငံ အစိုးရနှင့် ဗီဇာ သက်တမ်းတိုးရေးရုံးများ ထားရှိမည့် ကိစ္စများကို ဆွေးနွေးကာ ဗီဇာသက်တမ်းတိုးရန် စီစဉ်ထားကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ နယ်စပ်မြို့များဖြစ်သည့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်းမြို့တို့တွင် သက်တမ်းတိုးလုပ်ဆောင်ခွင့် ပြုထားကြောင်း ၎င်းက ဆိုသည်။

 ဗီဇာသက်တမ်းကုန် မြန်မာလုပ်သားများ ဆက်လက် အလုပ်လုပ်ခွင့် ရရှိရေးအတွက် စက်တင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံတွင် နှစ်နိုင်ငံအစိုးရ ညှိနှိုင်းခဲ့ရာ ဗီဇာသက်တမ်းကုန်သူများ သုံးနှစ် နေရပ်ပြန်ရေးမူဝါဒကို ဖြေလျှော့လိုက်ပြီး နေရာငါးခုတွင် နေ့ချင်းပြီး ထုတ်ပေးရန် သဘောတူခဲ့ကြသော်လည်း လက်တွေ့လုပ်ငန်း မစနိုင်သေးသဖြင့် မြန်မာလုပ်သားများ အခက်အခဲ ကြုံတွေ့နေရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာများထံမှ သိရှိရသည်။ 

 ဗီဇာသက်တမ်း ကုန်ဆုံးသူများသည် မူရင်းနိုင်ငံသို့ သုံးနှစ်ပြန်ပြီးမှသာ ထိုင်းတွင် ပြန်လည် အလုပ်လုပ်ခွင့် မူဝါဒကြောင့် ဗီဇာသက်တမ်းကုန် မြန်မာများကို ပွဲစားများက ဗီဇာသက်တမ်းတိုးပေးမည်ဟု ဆိုကာ ငွေကြေးလိမ်လည်နေကြောင်း၊ ထိုင်းရဲများ၏ ငွေကြေး မတရား တောင်းယူခြင်းလည်း ခံနေရကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းလုပ်သား အခွင့်အရေး ကွန်ရက်မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။ “ပွဲစားတွေဆီမှာ အလိမ်ခံရတာမြန်မာ တစ်ရာကျော်ရှိပြီ” ဟု ၎င်းက ဆိုသည်။

 ဗီဇာသက်တမ်း တိုးပေးရန် ထိုင်းနှင့် မြန်မာအစိုးရတို့ အောက်တိုဘာလတွင် နှစ်နိုင်ငံ အစည်းအဝေးလုပ်ရန် စီစဉ်ထားပြီး နိုဝင်ဘာလမှသာ သက်တမ်းတိုး လုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဟု ထိုင်းအစိုးရက ပြောဆိုထားကြောင်း၊ ဗီဇာသက်တမ်းတိုးရန် ရက်ကြာသည်နှင့်အမျှ မြန်မာအလုပ်သမားများ အခက်အခဲ ကြုံတွေ့နေရမည်ဖြစ်ကြောင်း ဦးအောင်ကျော်က ထပ်မံပြောကြားသည်။ တရားမဝင် မြန်မာလုပ်သားများကို အထောက်အထား ထုတ်ပေးရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးကာ ၂၀၀၉ ခုနှစ်မှ စတင်ကာ လုပ်ဆောင်ခဲ့ပြီး ယင်းအချိန်က အထောက်အထား ရရှိသူများမှာ ဗီဇာသက်တမ်း ကုန်ဆုံးနေခြင်းဖြစ်သည်။ 

အဆိုပါ တရားဝင် အထောက်အထား ထုတ်ပေးရေး အစီအစဉ်အရ ထိုင်းနိုင်ငံတွင် တရားဝင် အထောက်အထားရရှိသူ မြန်မာလုပ်သား ၁ ဒသမ ၇ သန်းကျော် ရှိကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ၂၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

0 Comment Box:

Post a Comment


 

Comment Box

Followers