Saturday, September 21, 2013

တရုတ်လှူသည့် အသင့်ဆောက် အဆောက်အအုံများကို စာသင်ခန်းနှင့် ဆေးပေးခန်းအဖြစ် သုံးမည်

                                photo by: RNG
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသည့် ရွေ့လျားတပ်ဆင် ဆောက်လုပ်နိုင်သည့် အဆောက်အအုံ (Modular House) အလုံး ၁၅၀ ကို ဒုက္ခသည် စခန်းများတွင် ဆေးပေးခန်းများနှင့် စာသင်ကျောင်းများအဖြစ် အသုံးပြုမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလျား ၂၅ ပေ၊ အနံ၂၁ ပေ၊ အမြင့် ၁၈ ပေရှိသော အဆိုပါ အဆောက်အအုံ ၁၅၀ အနက် စစ်တွေမြို့သို့ အဆောက်အအုံ ၁၂၀ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ အဆိုပါ အဆောက်အအုံများကို သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ချိန်တွင်လည်း အသုံးပြုသွားနိုင်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

စစ်တွေတွင် ရောက်ရှိနေသည့် ယင်းအဆောက်အအုံများအနက် စစ်တွေရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများ၌ ၆၆ လုံး၊ ရခိုင်လူမျိုး ဒုက္ခသည်စခန်းများ၌ ၁၂ လုံး၊ ကျောက်ဖြူတွင် လေးလုံး၊ ရမ်းဗြဲတွင် နှစ်လုံး၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တောတို့၌ ငါးလုံးစီနှင့် မောင်တောတွင် ၁၇ လုံးထား ဆောက်လုပ်သွားရန် စီစဉ်နေကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ အဆောက်အအုံများကို ပဋိပက္ခများ ဖြစ်ပွားစဉ်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံက လှူဒါန်းမည်ဟု ပြောကြားခဲ့ပြီး စက်တင်ဘာလဆန်းပိုင်းက စစ်တွေကို စတင်ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မှ စစ်တွေသို့ သယ်ယူခ ကျပ် ၃၂ သိန်းကျော် ကုန်ကျကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

တရုတ်နိုင်ငံက လှူဒါန်းသည့် အဆိုပါ အဆောက်အအုံများအပြင် ရခိုင်ပြည်နယ်တွင် ဒုက္ခသည်များအတွက် အလျား ၄၅ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၉ ပေ ရှိသည့် ယာယီတန်းလျား အလုံးပေါင်း တစ်ထောင်ကျော် တည်ဆောက်ပြီး ဖြစ်ကြောင်း၊ သို့သော် လုံလောက်မှု မရှိသေးသဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ယာယီတန်းလျား အလုံး ၅၀ ကျော် အကူအညီ ပေးမည်ဖြစ်ပြီး ယင်းအဆောက်အအုံများကို မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်တို့တွင် တည် ဆောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
 
The Voice Weekly
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers