Tuesday, September 17, 2013

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ထောင်နှင့်ချီသော ရွာသားများ ဘေးကင်းရာသို့ ထွက်ပြေးခဲ့ရ

 
အင်ဒိုနီးရှားနိုင်ငံ စူမတ်တြားကျွန်းတွင် မီးတောင်ပေါက်ကွဲမှုမှတစ်ဆင့် ကျောက်စကျောက်နများနှင့် ချော်ရည်ပူများ အနီးအနားရှိရွာများသို့ ကျရောက်လာသောကြောင့် ထောင်နှင့်ချီသောရွာသားများ ထွက်ပြေးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားလိုက်ကြောင်း စက်တင်ဘာ ၁၆ ရက်က အေအက်ဖ်ပီသတင်း ဌာနမှ ဖော်ပြထားသည်။

စူမတ်တြားပြည်နယ် ကာရိုခရိုင်အတွင်းရှိ ဆီနဘန်းတောင်မှာ တနင်္ဂနွေနေ့ နံနက် အရုဏ်မတက်မီတွင် ပြင်းထန်စွာ ပေါက်ကွဲခဲ့သည်။


“မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားတဲ့ သုံးကီလိုမီတာအတွင်းက လူပေါင်း ၃၀၀၀ ကျော်ကို ကယ်ဆယ်ပြီးပြီ ဖြစ်ပါတယ်။ သူတို့အားလုံး ဘေးကင်းလုံခြုံသွားပါပြီ” ဟု စူမတ်တြားမြောက်ပိုင်း ဘေးဒုက္ခကယ်ဆယ် ရေးအေဂျင်စီ အကြီးအကဲ Asren Nasution က ပြောကြားလိုက်သည်။

ရိုးရာယဉ်ကျေးမှု အခမ်းအနားများအတွက် အသုံးပြုသည့် ခန်းမငါးခုအား ဒုက္ခသည်များအတွက် ယာယီ အဆောက်အအုံများအဖြစ် အသုံးပြုလျက်ရှိသည်။

လူပေါင်း ၃၇၁၀ အားဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီးဖြစ်သည်ဟု
အမျိုးသားဘေးဒုက္ခ ကယ်ဆယ်ရေး အေဂျင်စီမှ ပြောခွင့်ရပုဂ်္ဂိုလ် Sutopo Purwo Nugroho က ပြောကြားလိုက်သည်။

ယခုပေါက်ကွဲမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်ဟုလည်း
Nugroho မှ ပြောကြားခဲ့သည်။ ဆီနဘန်း မီးတောင်မှာ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ နီးပါးခန့်က မီးမြုံတောင်တစ်ခုဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ၂၀၁၀ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလများတွင် ပေါက်ကွဲခဲ့ရာ လူပေါင်း ၁၂၀,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ရှင်ပေါင်း ဒါဇင်များစွာရှိပြီး ပစိဖိတ်နှင့် အိနိ္ဒယသမုဒ္ဒရာများအကြားရှိ “မီး လျှံစက်ကွင်း” ဟု နာမည်ကြီးသော ငလျင်ကြောများတည်ရှိနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

လွန်ခဲ့သောလကလည်း Nusa Teng ပြည်နယ်အရှေ့ပိုင်းရှိ ကျွန်းငယ်တစ်ခုပေါ်ရှိ မီးတောင်တစ်လုံး ပေါက်ကွဲခဲ့ရာ လူငါးဦးသေဆုံးခဲ့ပြီး ရာပေါင်းများစွာသော ဒေသခံများအားအရေးပေါ် ကယ်တင်ခဲ့ရသည်။

အင်ဒိုနီးရှားနိုင်ငံ၏ တက်ကြွလှုပ်ရှားမှုအရှိဆုံးသော မာရပီတောင်မှာ ၂၀၁၀ ခုနှစ်တွင် စဉ်ဆက်မပြတ် ပေါက်ကွဲခဲ့ရာ လူပေါင်း ၃၅၀ ခန့် သေဆုံးခဲ့သည်။


Mizzima - News in Burmese

0 Comment Box:

Post a Comment


 

Comment Box

Followers