Wednesday, September 18, 2013

ဆီးရီးယားဆုံးဖြတ်ချက်မူကြမ်းကို ရုရှားကန့်ကွက်


ဆီးရီးယားနိုင်ငံရဲ့ ​ဓာတုလက်နက်တွေကို ​ဘယ်လို ​ဖျက်သိမ်းရမလဲဆိုတာကို ​ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ​အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ ​နိုင်ငံ ​၅ ​နိုင်ငံက ​ဆွေးနွေးနေကြပြီး ​ကုလသမဂ္ဂရဲ့ ​ဆုံးဖြတ်ချက်မူကြမ်းနဲ့ ​ပတ်သက်ပြီး ​ရုရှားက ​ငြင်းဆိုမှုတွေ ​ပြုလုပ်နေပါတယ်။

ရုရှားနိုင်ငံက ​ကန့်ကွက်နေတဲ့ ​အချက်တစ်ချက်ကတော့ ​ဆီးရီးယားနိုင်ငံအနေနဲ့ ​လုံခြုံရေးကောင်စီရဲ့ ​ဆုံးဖြတ်ချက်ကို ​မလိုက်နာရင် ​စစ်ရေးအရ ​အရေးယူမှုတွေ ​လုပ်မယ် ​ဆိုတဲ့အချက် ​ဖြစ်ပါတယ်။
အဲဒီအချက်ကို ​ရုရှားနိုင်ငံက ​အတည်ပြုပေးဖို့ ​ငြင်းဆိုနေပြီး ​အမေရိကန်နိုင်ငံကတော့ ​ဒီအချက်ပါဝင်မှသာ ​ဆီးရီးယားအစိုးရက ​လိုက်နာမယ့်အခြေအနေ ​ရှိတာကြောင့် ​အဲဒီအချက် ​ထည့်သွင်းမှသာ ​ကုလသမဂ္ဂရဲ့ ​ဆုံးဖြတ်ချက် ​သဘောတူညီမှု ​ရရှိနိုင်မယ်လို့ ​ပြောနေပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ ​ဓာတုလက်နက် ​အသုံးပြုမှု ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​ပြင်သစ်နဲ့ ​ရုရှားနိုင်ငံခြားရေး ​ဝန်ကြီးတို့လည်း ​ပြောင်ပြောင်တင်းတင်း ​အငြင်းအခုန် ​ဖြစ်နေကြပါတယ်။

ပြင်သစ်နိုင်ငံနဲ့ ​တချို့နိုင်ငံတွေကတော့ ​ဓာတုလက်နက်တွေကို ​ဆီးရီးယားအစိုးရတပ်က ​အသုံးပြုတာလို့ ​စွပ်စွဲနေပြီး ​ရုရှားနိုင်ငံကတော့ ​ဆီးရီးယားသူပုန်တွေ ​အသုံးပြုတာလို့ ​ပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာ ​သူပုန်တွေကို ​နှိမ်နင်းဖို့ ​ဆာရင်ဓာတ်ငွေ့တွေ ​ပါဝင်တဲ့ ​ဓါတုလက်နက်တွေ ​​အသုံးချ ​​ခဲ့ ​​တယ်ဆို ​တာ ​​အတိအလင်း ​​တွေ့ရှိခဲ့တယ်လို့  ​​ကုလသမဂ္ဂ ​​အထွေထွေ ​​အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်း ​​က ​​အတည်ပြု ​​ပြောကြားခဲ့ပြီးနောက် ​ပြင်သစ်နဲ့ ​ရုရှားနိုင်ငံတို့က ​ငြင်းခုန်နေကြတာ ​ဖြစ်ပါတယ်။

တရုတ်အစိုးရကတော့ ​ကုလသမဂ္ဂကနေ ​ဆီးရီးယားနိုင်ငံမှာ ​ဓာတုလက်နက် ​အသုံးပြုမှု ​တွေ့ခဲ့တယ်ဆိုတဲ့အပေါ် ​သေချာလေ့လာမှုလုပ်နေတယ်လို့ ​ပြောပါတယ်။ ​ကုလသမဂ္ဂရဲ့ ​အစီရင်ခံစာထဲမှာ ​ဘယ်ဖက်က ​ဓာတုလက်နက် ​အသုံးပြုခဲ့တယ်ဆိုတာကို ​မဖော်ပြထားပါဘူး။
ဓာတုလက်နက် ​အသုံးပြုမှုနဲ့ ​ပတ်သက်ပြီး ​ကုလသမဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူး ​ဘန်ကီမွန်းက ​ဒါဟာ ​၂၅ ​နှစ် ​အတွင်း ​အဆိုးဝါးဆုံး ​အသိသာဆုံးသော ​ဓာတုလက်နက်နဲ့ ​တိုက်ခိုက်မှု ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ​၂၅ ​နှစ်တုန်းက ​အီရတ်နိုင်ငံ ​ခေါင်းဆောင်ဟောင်း ​ဆာဒန်ဟူစိန်က ​Kurds ​လူမျိုးတွေကို ​နှိမ်နင်းရာမှာ ​ဓာတုလက်နက်တွေ ​အသုံးပြုခဲ့တဲ့အတွက် ​ထောင်နဲ့ချီတဲ့ ​လူတွေ ​သေဆုံးခဲ့ရပါတယ်။

ဒီလို ​ဓာတုလက်နက် ​အသုံးပြုမှုဟာ ​စစ်ရာဇာဝတ်မှုမြောက်ကြောင်းလည်း ​ဘန်ကီမွန်းက ​ပြောလိုက်ပါတယ်။

ABC Radio Australia


0 Comment Box:

Post a Comment


 

Comment Box

Followers