Thursday, September 19, 2013

မိသားစုက တန်းဖိုးအရှိဆုံးအရာပါလို့ဆိုတဲ့ ဇာတ်မင်းသားလေး တင်မောင်ဆန်းမင်းဝင်း


ကျွန်တော်တို့ဟာ ဘ၀ကိုဖြတ်သန်းဖို့အတွက် မိသားစုဆိုတဲ့ တွန်းအားတစ်ခု မဖြစ်မနေ လိုအပ်ပါတယ်။ ဘ၀ကို တစ်ယောက်တည်း လျှောက်လှမ်းကြသူတွေ ရှိပေမယ့် မိသားစုဆိုတဲ့ အသိုက်အမြုံ တစ်ခုကိုတော့  လူတိုင်းတောင့်တငတ်မွတ်ကြလေ့ရှိတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။ အဲဒီလို မိသားစုတစ်ခု ဖြစ်လာဖို့ အခြေခံ လိုအပ်ချက်တွေဟာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တွေ့ဆုံပြီး  အချစ်တွေ ပေါက်ဖွားလာဖို့ပဲ ဖြစ်ပါတယ်။ သာယာလှပတဲ့ မိသားစုလေးတွေကို ပိုင်ဆိုင်ပြီး အနုပညာခရီးလမ်းထက် လျှောက်လှမ်းနေသူတွေထဲမှာ ဇာတ်မင်းသားလေး တင်မောင်ဆန်းမင်းဝင်းလည်း တစ်ဦးအပါအ၀င်ပါပဲ။ အခုဆိုရင် တင်မောင်ဆန်းမင်းဝင်းရဲ့ မိသားစု ဘ၀လေးထဲကို တစ်နှစ်အရွယ်သားငယ်လေးတစ်ဦးတောင် ရောက်ရှိလို့နေပါပြီ။ ဇော်ဂျီဖိုထိုးအကနဲ့ ပရိသတ်တွေအကြား နေရာတစ်ခု ယူထားနိုင်ဆဲဖြစ်တဲ့ တင်မောင်ဆန်းမင်းဝင်းနဲ့ ဆုံတွေ့ခွင့် ခေတ္တရစဉ်အခိုက် သူ့ရဲ့မိသားစုကမ္ဘာငယ်လေးအကြောင်း မေးမြန်းဖြစ်ခဲ့ရာမှာတော့.............

အစ်ကိုရဲ့မိသားစုနဲ့ မိတ်ဆက်ပေးပါဦး

ကျွန်တော်တို့ဇနီးမောင်နှံမှာ သားလေးတစ်ယောက်ရှိတယ်။ သားလေးကိုတော့ နာမည်အရင်း မပေးရသေးပေမယ့် အခုထိတော့ “ပူတူး” လို့ခေါ်တယ်။ အသက် ၁ နှစ် ရှိသွားပါပြီ။

သားဦးရထားတဲ့ ခံစားချက်ကို သိပါရစေ

ကျွန်တော် သားဦးလေးရတော့ အရမ်းဝမ်းသာတယ်။ ကိုယ့်ရဲ့အမွေဆက်ခံဖို့ တစ်ယောက် တိုးလာတယ်လို့ ခံစားရတယ်။သားကတော့ ဘာဖြစ်ချင်မလဲ မသိဘူး။ ကိုယ်ကတော့ အနုပညာအတွက် မျှော်မှန်းထားတယ်။

အိမ်ထောင်ဦးစီးဖြစ်လာတော့ တာဝန်ပိုကြီးသွားလား

အရင်ထက် နှစ်ဆပိုပြီးပင်ပန်းတဲ့အချိန်တွေ ရှိတယ်။ နှစ်ဆပိုပြီး ရှာဖွေရတဲ့အခါတွေ ရှိတယ်။ ပင်ပန်းပေမယ့်လည်း ပျော်ပါတယ်။ ကိုယ့်ရဲ့မိသားစုအတွက် ရှာရတာဆိုတောလေ။

အစ်ကိုရဲ့ အနုပညာလမ်းကြောင်းအတွက် ဇနီးသည်က ဘယ်လိုပံ့ပိုးပေးလဲ

ကိုယ်က အနုပညာအလုပ်ကလွဲရင်  ကျန်တာသိပ်မလုပ်တက်ဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ဇနီးက စီးပွားရေးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲနိုင်တယ်။ လစ်ဟာမှုမရှိအောင် လုပ်နိုင်တယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ အိမ်ရဲ့ဝင်ငွေ၊ ထွက်ငွေတွေကို လှည့်ကြည့်စရာမလိုခဲ့ဘူး။ ဒီလိုပုံစံနဲ့ ပံ့ပိုးပေးပါတယ်။

မိန်းကလေး ပရိသတ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံပြောဆိုတဲ့အခါ ဇနီးဘက်က သ၀န်တိုလား

သူ့ဘက်ကရှိမှာပေါ့။ ဒါပေမယ့် ဒီလိုစိတ်မျိုးမရှိအောင် ၊ သူ့ကိုနားလည်အောင် ရှင်းပြရတာပေါ့။

ဇနီးမောင်နှံကြား နားလည်မှုတွေ ထားရလား

တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှအောင်တော့ လုပ်ရတယ်။ နှစ်ယောက်ကြားမှာ စိတ်ဆိုးစရာ တစ်ခုခုဖြစ်လာရင် ကိုယ်က အရင်ရှောင်ရတယ်။

သားသမီးအပေါ် ဘယ်လို Guide Line မျိုးပေးမလဲ

ကလေးအပေါ်မှာ မူတည်ပါတယ်။ ဒါပေမယ့် မိဘဆိုတဲ့အတိုင်း ကိုယ့်စိတ်တိုင်းကျ ဖြစ်စေချင်တာပေါ့။ ကိုယ့်စိတ်တိုင်းကျ ဖြစ်လာတယ်ဆိုရင်လည်း ဘုရားပေးတဲ့ ကုသိုလ်လို့ ပြောရမှာပေါ့။

မိဘနဲ့ သားသမီးကြား ဘယ်လိုဆက်ဆံရေးမျိုးကို သဘောကျလဲ

တင်းမာတဲ့ ဆက်ဆံရေးမျိုးတော့ သဘောမကျပါဘူး။ မိဘကိုတော့ မိဘလိုမျိုး ရိုရိုသေသေဆက်ဆံစေချင်တယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောဆိုမှုမျိုးကို သဘောကျတယ်။ ကိုယ့်သားသမီးက ကိုယ့်အပေါ်မှာ ဖုံးကွယ်ထားတာမျိုး မရှိစေချင်ဘူး။

မိသားစုဆိုတာ အစ်ကိုအတွက် ဘယ်လောက်ထိ အရေးပါသလဲ

တစ်ယောက်တည်းနေရတာထက် မိသားစုရလာတော့ နွေးထွေးတဲ့ခံစားမှု၊ လုံခြုံတဲ့ ခံစားမှုမျိုးတွေ ရလာတယ်။မိသားစုက ကျွန်တော့်အတွက် ဒီလိုခံစားမှုတွေ ပေးတာကြောင့် တန်ဖိုးရှိတဲ့အရာတွေပါ။

မိသားစုနဲ့ပတ်သက်ပြီး ပရိသတ်ကို ဘာ Message ပေးချင်လဲ

သူများနိုင်ငံမှာ Over 60 ဆိုရင် မိသားစုမရှိကြတော့ဘူး။ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကြတာလေ။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပုံစံကျတော့ သေတဲ့အထိ မိသားစုနဲ့အတူ နေထိုင်ခွင့်ရတယ်။ ဒါကြောင့် မိသားစုကို ပိုင်ဆိုင်ထားတဲ့လူတိုင်း မြန်မာ့ထုံးစံကို မပျောက်ပျက်အောင် လုပ်သွားဖို့ မှာချင်ပါတယ်။

Friday(Malay)
Myanmar Daily News

 

0 Comment Box:

Post a Comment


 

Comment Box

Followers