Saturday, September 14, 2013

မလေးရှားရောက် မြန်မာအလုပ်သမား ၁၇ဝ ကျော် ပြန်လည် ရောက်ရှိလာ


မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၇ဝ ကျော်သည် သီတဂူ အထောက် အကူပြုအဖွဲ့(မလေးရှား)၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI နှင့် ကမ္ဘောဇဘဏ် တို့၏အကူအညီဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ညနေ ၄ နာရီတွင် ပြန်လည် ရောက်ရှိလာကြသည်။

ထိုသို့ ရောက်ရှိလာမှုများနှင့် ပတ်သက်၍ သီတဂူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ သီတဂူ ဆရာတော်ကြီးက ''မလေးရှားမှာ စီးပွားရှာရင်း ပင်ပန်းဆင်းရဲ အလုပ်လုပ် ကိုင်နေကြရတဲ့ မြန်မာ အလုပ်သမားတွေ၊ မြန်မာပြည် ပြန်လာချင်တဲ့ အလုပ်သမားတွေ၊ အပြင် ဘက်မှာလည်း ပတ်စ်ပို့မှမရှိ၊ ရှိတော့လည်း ဗီဇာမရှိ မြန်မာ့ရင်သွေးတွေ ၅ဝဝဝ ကျော် ၆ဝဝဝ ခန့်ရှိတယ်။ တရားမဝင် နေကြရတယ်။ ဒါတွေကို MAI ၊ကမ္ဘောဇဘဏ်တို့ကို အကူအညီ တောင်း၊ လေယာဉ်ပျံတောင်း၊ ကလေးတွေပေးရမယ့် ပြစ်ဒဏ်ကြေးပေး၊ လေဆိပ်ခွန်ကို သီတဂူ သာသနာပြုအဖွဲ့က ပေးဆောင်ပြီး မြန်မာပြည်ကို ခေါ်ဆောင်လာခဲ့တာပါ။ အခုအခေါက် နဲ့ဆို လေးခေါက်မြောက်ရှိပြီ''ဟု ဆရာ တော်ကြီးက မိန့်ကြားသည်။

ယင်းနောက် ရန်ကုန်မြို့ရွှေပေါက်ကံ တွင်နေထိုင်သည့် မလေးရှားပြန် ကိုတင်ဌေးက ''ဟိုမှာ အလုပ်လုပ်တာ ကိုးနှစ်ကျော်ပါပြီ။ စားသောက်ဆိုင် လုပ်ငန်းပါ။ တစ်လကို အခြေခံလစာ မလေးရှားငွေ ၈၅ဝ ကနေ ၉ဝဝ ထိပဲရတယ်။ စရောက် ခါစက အိမ်ကို ငွေပို့ဖြစ်ပေမယ့် အခု နောက်ပိုင်း အဖမ်းအဆီးတွေကများ၊ ပတ်စ်ပို့လျှောက်တာ ခက်ခဲတာရယ်၊ ငွေကုန်ကြေး ကျတွေများတော့ မပို့နိုင်တော့ ပါဘူး။ အလုပ်သာလုပ်ရတာ စိတ်မရဲတော့ဘူး။ နောက်ပိုင်းဆို မလုပ်တော့ပါဘူး''ဟု ပြောသည်။

ဆက်လက်၍ သာကေတမြို့တွင် နေထိုင်သူ ကိုနေလင်းကလည်း ''စလုပ်တုန်းကတော့ မလေးငွေ တစ်နေ့ကို ၃၅ ကျပ်ရတယ်။ သုံးနှစ်လုံးလုပ်မှ ၁၅ ကျပ်ပဲတိုးတယ်။ တော်တော် တင်းကျပ်လာတယ်။ အခုနောက်ပိုင်း အလုပ်လုပ် ဖို့မလွယ်တော့ပါဘူး။ ကျွန်တော်က သံပန်း၊ သံတံခါး၊ ဂဟေ၊ ကားဘော်ဒီ အလုပ်တွေလုပ်ပါတယ်။ အဖမ်းအဆီးတွေက သိပ်ကို များတယ်။ အခုဆို မလေးထောင်မှာ ပြည်ပအလုပ်သမား ငါးသောင်းကျော်ရှိတယ်။ ပြန်ဖို့ ဆုံးဖြတ်ပြီး သံရုံးကို သွားလိုက်တာကောင်း သွားတယ်။ အခုလို သီတဂူ ဆရာတော် ကြီးအဖွဲ့နဲ့ ချိတ်ဆက် ပေးလို့ပြန်ရောက် လာတာပါ။ ကျွန်တော်ကတော့ ကြောက် သွားပြီ''ဟု ပြောသည်။

ယင်းနောက် တောင်ဒဂုံမှ အလုပ်သွားလုပ်သော မသန္တာလွင်က ''အထည် ချုပ်စက်ရုံမှာ လုပ်တာပါ။ လစာက တစ်လ ခြောက်ရာကျော် ပဲရတယ်။ အခုပြန် ရောက်လာတာ ဟိုမှာ အဖမ်းအဆီးတွေ မတရားများပါတယ်။ ပတ်စ်ပို့ရဖို့ မလွယ်ဘူး။ မိသားစုနဲ့ တိုင်ပင်ပြီး ပြန် လာခဲ့တာပါ။ ကျီးလန့်စာစားပြီး လုပ်နေရတာမလွယ်ဘူး၊ နောက်ကိုတော့ မသွား တော့ပါဘူး''ဟု ပြောသည်။

မလေးရှားရောက် မြန်မာအလုပ်သမားများအား သီတဂူ အထောက်အကူ ပြုအဖွဲ့ (မလေးရှား) နှင့် ပူးပေါင်း၍ အခမဲ့ ပြန်လည် ခေါ်ယူခဲ့ရာတွင် ယခုအခါ လုပ်သား ၆ဝဝ ကျော်ရှိသည်ဟုMAI မှ သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ မလေးရှား ခရီးစဉ်အပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် မီဒီယာ တွေ့ဆုံပွဲ တွင် အလုပ်မရှိသူများကို ဒဏ်ကြေးပေးဆောင်ရန် မလိုဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေး ရန် မလေးရှားနိုင်ငံ အစိုးရနှင့် ညှိနှိုင်းခဲ့ကြောင်း ဆက်လက် အလုပ်လုပ်ကိုင် လိုသူများ အတွက်လည်း နောက်နှစ်လလောက်တွင် ကွာလာလမ်ပူမြို့၌ One Stop Service စင်တာဖွင့်လှစ်ပြီး တရား ဝင်နေထိုင်ခွင့် ရအောင် ဆောင်ရွက်ရန် နှင့် ကွာလာလမ်ပူနှင့် ဝေးလံသည့်နယ်များတွင် နေထိုင်သူများ အတွက်လည်း Mobile Team များဖြင့် တရားဝင်နေ ထိုင်ခွင့်ရအောင် ဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်း အင်တာနက် သတင်း စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ 



မြ၀တီ



0 Comment Box:

Post a Comment


 

Comment Box

Followers