Tuesday, September 17, 2013

တရုတ်နာမည်ကျော်အမျိုးသမီး နန်းရင်းဝန်၏ သင်္ချိုင်းနေရာ ရှာဖွေတွေ့ရှိ


တရုတ်နိုင်ငံတွင် ရှေးခေတ်ဘုရင်များ အုပ်စိုးခဲ့စဉ်က အမှုထမ်းခဲ့သည့် အမျိုးသမီးနန်းရင်းဝန်တစ်ဦး၏ သင်္ချိုင်းဂူကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ တရုတ်၏ ပဒေသရာဇ်နိုင်ငံရေးနယ်ပယ်တွင် ဩဇာကြီးမားသော ရာထူးတစ်ခုအဖြစ် နန်းရင်းဝန်နေရာတွင် တာဝန်ယူရသူများသည် အများအားဖြင့် အမျိုးသားများသာဖြစ်ခဲ့သည်။ သို့သော်လည်း အေဒီ ၆၆၄ ခုနှစ်မှ အေဒီ ၇၁၀ ပြည့်နှစ်ထိ အသက်ရှင်နေထိုင်ခဲ့သူ ရှန်ဂွမ်ဝေနာသည် ရှားရှားပါးပါး အမျိုးသမီး နန်းရင်းဝန်တစ်ဦးအဖြစ် တရုတ်ရာဇဝင်တွင် သမိုင်းဝင်ခဲ့ဖူးသည်။ သူမ၏ သင်္ချိုင်းဂူကို ရှန်ဇီးဒေသတွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သည်။

ယခုတွေ့ရှိသော သင်္ချိုင်းဂူသည် ရှန်ဂွမ်၏ ထာဝရ အနားယူနေရာ နေရာဖြစ်ကြောင်း ယခုသီတင်းပတ်တွင် မနုဿဗေဒ ပညာရှင်များက အတည်ပြုခဲ့သည်။ ရှန်ဂွမ်သည် တရုတ်၏ မင်းဆက်များအနက် အလွန်ထင်ရှားသည့် ဧကရီဘုရင်မ ၀ူဇန်တြန်လက်ထက်တွင် အမှုတော် ထမ်းခဲ့သူဖြစ်သည်။ ၀ူသည် တရုတ်သမိုင်းတွင် ပထမဆုံး ဘုရင်မလည်း ဖြစ်သည်။ ယခုတွေ့ရှိသော ရှန်ဂွမ်၏ သင်္ချိုင်းနေရာသည် ဆိုးဆိုးရွားရွား ပျက်စီးနေပြီဟုလည်း သိရသည်။ Xinhua  သတင်းဌာနက ပညာရှင်များ အနေဖြင့် အဆိုပါ အတည်ပြုချက်သည် သမိုင်းဝင် ခြေလှမ်းတစ်ရပ်အဖြစ် ယူဆကာ ကျေနပ်နေကြောင်း ဖော်ပြခဲ့သည်။


“သင်္ချိုင်းဂူအမိုးက လုံးဝ ပြိုကျသွားပြီ။ နံရံလေးဘက်က တော်တော်လေး ပျက်စီးနေတယ်။ ကြမ်းပြင်က ကျောက်ပြားချပ်တွေကလည်း ဖရိုဖရဲဖြစ်နေတယ်” ဟု ရှန်ဇီးမှ မနုဿဗေဒပညာရှင်တစ်ဦးဖြစ်သူ ဂျန်ကွင်ဂန်ကဆိုသည်။ ယင်းအပျက်အစီးများကြောင့်လည်း သင်္ချိုင်းဂူအတွက် အတည်ပြုချက်ယူရန် ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။ ရှန်ဂွမ်သည် တန်မင်းဆက်၏ နာမည်ကျော် ဧကရီဘုရင်မကြီးဝူ အားအထားရဆုံး၊ အယုံကြည်ရဆုံး သူတစ်ဦးလည်းဖြစ်ခဲ့သည်။ သူမသည် ဧကရီဝူ သေဆုံးပြီး ၅ နှစ်အကြာ အေဒီ ၇၁၀ ပြည့်နှစ် နန်းတွင်းအာဏာသိမ်းမှုတစ်ခုတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရသည်။



Planet Myanmar Network
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers