Saturday, September 28, 2013

ပဉ္စမတန်း ပထ၀ီဝင် ဖတ်စာအုပ် ပုံနှင့်စာလွဲနေခြင်း လာမည့် ပညာသင်နှစ်တွင် ပြန်ပြင်မည်



ပဉ္စမတန်း သင်ရိုးရှိ ပထ၀ီဝင် ဖတ်စာအုပ် စာမျက်နှာ ၂၇ တွင် မြန်မာနိုင်ငံ၏  အရှေ့ဘက် ကုန်းမြင့် ဒေသပုံနှင့် အနောက်ဘက် တောင်တန်းဒေသပုံ နေရာလွဲနေမှုကို လာမည့် ပညာသင်နှစ်တွင် ပြုပြင် သွားမည်ဖြစ်ပြီး အခြား လွဲမှားနေမှု များကိုလည်း စိစစ်နေကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ အရှေ့ဘက်ကုန်းမြင့် ဒေသပုံနှင့် အနောက်ဘက် တောင်တန်းဒေသ ပုံတို့အား ပုံနှင့်ပုံစာ လွဲမှားဖော်ပြ မှုသည် မည်သည့် ပညာသင်နှစ် ကတည်းက မှားယွင်း နေသည်ကို မသိရသော်လည်း၂၀၁၃-၂၀၁၄ ပညာသင်နှစ် အထိ ဆက်လက် မှားယွင်းသည့် အတွက် လာမည့် ပညာသင်နှစ်တွင် ပြင်ဆင် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောခြင်း ဖြစ်သည်။ “ခုနကပဲ ၀န်ကြီး PSO (ကိုယ်ရေး အရာရှိ) လာသွားတယ်။ အဲဒီ အချက်ကိုပြင်ဖို့ လာပြော တာပါ။ တခြား အလွဲတွေ ကိုလည်း စိစစ်နေ ပါတယ်။ လာမယ့် ပညာသင်နှစ်မှာ ပြင်ဆင် သွားမှာပါ”ဟု အထက်ပါ တာဝန်ရှိသူ ကပြောသည်။

ပညာရေး ၀န်ကြီးဌာနမှ ပုံနှိပ်ထုတ်ဝေနေသော သင်ရိုး ဖတ်စာအုပ်နှင့် ပတ်သက်၍ ပဉ္စမတန်းကျောင်းသား မိခင်တစ်ဦးက မြန်မာမြေပုံတွင် နာမည်နေရာ လွဲမှားရိုက်နှိပ် ထားမှုကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

“မနေ့ညက သားစာကျက်တာ နားထောင်ကြည့်တော့ မြန်မာနိုင်ငံ၏ အနောက်တောင်တန်းဒေသမှ တရုတ်နိုင်ငံသို့ ဆက်သွယ် ထားသော တောင်ကြား လမ်းများမှာ ..လို့ ကြားလိုက်လို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့အရှေ့ဘက်မှာရှိတာ။ သားဆိုနေတာ မှားနေတယ်။ မြေပုံနဲ့တွဲကြည့်ပြီး ကျက်ဆိုပြီး သားရဲ့ ငါးတန်း ပထ၀ီဝင် ဖတ်စာအုပ် ယူကြည့်လိုက်တာ။ မြေပုံကိုတွေ့မှ သဘောပေါက် သွားတယ်။ အစိုးရ ကျောင်းဆက်ထားရ မှာတောင် ကြောက်လာပြီ” ဟု ပဉ္စမတန်း ကျောင်းသား မိခင်တစ်ဦးက ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသား ထားသည်။

ပညာရေး ၀န်ကြီးဌာနသည် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ ကျောင်းသုံး စာအုပ်များကို အရည်အသွေးမြှင့်တင် ရိုက်နှိပ်ရန် ပုဂ္ဂလိက လုပ်ငန်းရှင် ၂၃ ဦးအား လုပ်ငန်းလုပ်ကိုင်ခွင့် ပေးထားသည်။

0 Comment Box:

Post a Comment


 

Comment Box

Followers