Monday, September 30, 2013

ဆန်းဒါးလန်းကို အနိုင်ယူပြီး အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည့် လီဗာပူးလ်


 
 
တနင်္ဂနွေနေ့ည နောက်ဆုံးပွဲစဉ်ဖြစ်သည့် လီဗာပူးလ်နှင့် ဆန်းဒါးလန်း ပွဲစဉ်တွင် လီဗာပူးလ်က သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆန်းဒါးလန်းအသင်းတွင် ၀က်စ်ဝုဒ်၊ ဂါ့ဒ်နာ၊ ကိုးလ်ဘတ်ခ်၊ အိုရှေး၊ ကွယ်လာ၊ လာဆန်၊ ကီ၊ ကတ်တာမိုး၊ ဂျွန်ဆင်၊ ဂျီရတ်ချီရီနီ၊ အယ်လ်တီဒေါ တို့ ပါဝင်ကစားခဲ့သည်။

လီဗာပူးလ်တွင် မစ်ဂ်နိုလတ်၊ တိုရေး၊ ဆာခို၊ စကာတယ်လ်၊ အန်းနရစ်၊ ဟန်ဒါဆန်၊ လူးကပ်စ်၊ ဂျရတ်၊ မော့ဆက်၊ ဆွာရက်ဇ်၊ စတားရစ်ခ်ျတို့နှင့် ပွဲထွက်ခဲ့သည်။

ပထမပိုင်းတွင် ဆန်းဒါးလန်းက လီဗာပူးလ်အသင်းဘက်သို့ တိုက်စစ်ဆင် ကစားခဲ့သည်။ ၁၁ မိနစ်တွင် ဆန်းဒါးလန်းအသင်း၏ တိုက်စစ်ဆင်မှုကို တိုရေးက ဖျက်ထုတ်ကာကွယ်ခဲ့သည်။ ၁၃ မိနစ်တွင် ဆာခို ဘောလုံးဆုံးရှုံးသွားခဲ့ရာမှ အယ်လ်တီဒေါ ရရှိသွားပြီး ကန်သွင်းသော်လည်း လီဗာပူးလ် နောက်ခံလူများ ကာကွယ်သွားနိုင်ခဲ့သည်။ ၂၄ မိနစ်တွင် ဆန်းဒါးလန်း ရရှိသည့် ပြစ်ဒဏ်ဘောကို လာဆန် ကန်သွင်းရာ ဂိုးဘားနှင့် ထိထွက်သွားခဲ့သည်။ ၂၅ မိနစ်တွင် အန်းနရစ်၏ အမှားမှတစ်ဆင့် ဂျီရတ်ချီရီနီ ရရှိသွားသည်ကို တိုရေးဖျက်ထုတ်ရာ ဂျီရတ်ချီရီနီ လဲကျသွားခဲ့သော်လည်း ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ ၂၇ မိနစ်တွင် လီဗာပူးလ်က အဖွင့်ဂိုး ရရှိသွားခဲ့သည်။ ဂျရတ်ကန်တင်ပေးသည့် ထောင့်ကန်ဘောမှ တစ်ဆင့် စတားရစ်ခ်ျက သွင်းယူခဲ့ခြင်းဖြစ်သည်။ ၃၆ မိနစ်တွင် စတားရစ်ခ်ျ ထိုးပေးသည့် ဘောလုံးကို ဆွာရက်ဇ်က ပိတ်သွင်းခဲ့သောကြောင့် လီဗာပူးလ်က ဒုတိယဦးဆောင်ဂိုး ရရှိခဲ့သည်။

ဒုတိယပိုင်းတွင် ဆန်းဒါးလန်းက ချေပဂိုးများ ရရှိရန် ကြိုးပမ်းလာခဲ့ပြီး ၅၂ မိနစ်တွင် ကီ ကန်သွင်းသည့် ဘောလုံးကို မစ်ဂ်နိုလတ် ပုတ်ထုတ်၍ ပြန်ထွက်လာရာ ဂျီရတ်ချီရီနီက နောက်တစ်ဆင့် ကန်သွင်းကာ သွင်းယူခဲ့သည်။ နောက်ပိုင်းတွင် ဆန်းဒါးလန်းက နောက်ထပ် ချေပဂိုး ရရှိရန် ကြိုးစားခဲ့သော်လည်း တိုရေး ဦးဆောင်သည့် လီဗာပူးလ် ခံစစ်ကို ကျော်လွှားနိုင်ခဲ့ခြင်း မရှိချေ။ လီဗာပူးလ်အတွက် တတိယဂိုးကို ဆွာရက်ဇ်နှင့် စတားရစ်ခ်ျတို့၏ တန်ပြန်တိုက်စစ်မှတစ်ဆင့် ဆွာရက်ဇ်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ပွဲအပြီးတွင် လီဗာပူးလ်က သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား၏ ဒုတိယ၏ နေရာသို့ ရောက်ရှိလာခဲ့သည်။
 
                                                                                             Soccer Myanmar
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers