Thursday, September 19, 2013

လောင်းကစားဒိုင်ချုပ်များကို အရေးမယူပါက တာဝန်ရှိသူအဆင့်ဆင့်ကို အရေးယူမည်


လောင်းကစားဒိုင်ချုပ်များကို အရေးယူမှုမပြုဘဲ လက်ခွဲဒိုင်များကိုသာ ဖမ်းဆီးမှုများ ပြုလုပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။

 မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ ပြည်သူလူထု အနေဖြင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သတင်းပေးခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းကြရန် လိုအပ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

 မန္တလေးတိုင်းဒေသကြီး အတွင်းတွင် အစိုးရသစ်တက်ပြီးစက လောင်းကစားမှုများ လျော့နည်းကျဆင်းခဲ့သော်လည်း လက်ရှိတွင် ပိုမိုများပြားလာကြောင်း မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ် ဦးမိုးနိုင်ကျော်က ယင်းလွှတ်တော်၌ မေးမြန်းရာတွင် ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

 မန္တလေးတိုင်းဒေသကြီး အတွင်းတွင် နှစ်လုံး၊ သုံးလုံး၊ ဘောလုံး လောင်းကစားမှုများကို ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ၃၄၄ မှု၊ တရားခံပေါင်း ၇၄၂ ဦး၊ သိမ်းဆည်းရငွေ ကျပ် ၃၁၄ သိန်းကျော်၊ ၂၀၁၂ ခုနှစ်တွင် ၅၂၂ မှု၊ တရားခံပေါင်း ၁၁၉၇ ဦး၊ သိမ်းဆည်းရငွေ ကျပ်သိန်း ၅၈၀ ကျော်နှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၃၄၅ မှု၊ တရားခံပေါင်း ၆၉၇ ဦး၊ သိမ်းဆည်းရငွေ ၃၈၇ သိန်းကျော် ဖမ်းဆီးအရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ဆက်လက် ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

 

0 Comment Box:

Post a Comment


 

Comment Box

Followers