Monday, September 23, 2013

အပြိုင်အဆိုင် ဈေးလျှော့၍ မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ရောင်းချခြင်းကို မြန်မာ့ဆက်သွယ်ရေးမှ တားမြစ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၄င်းတို့နှင့် ပူးပေါင်း၍ ငွေဖြည့်ကတ်များ ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီ ၅ ခုကို အပြိုင်အဆိုင် ဈေးနှုန်းလျှော့ချ၍ ငွေဖြည့်ကတ် ရောင်းချခြင်း မပြုလုပ်ရန် တားမြစ်လိုက်သည်။ 

ကုမ္ပဏီများအချင်းချင်း ဈေးနှုန်းလျှော့၍ ပြိုင်ဆိုင်ရောင်းချခြင်းကြောင့် ဈေးကွက်ပျက်မည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ ဝင်ရောက်ထိန်းသိမ်းခြင်း ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး၏ တားမြစ်ချက်ကို ကိုးကား၍ မိုဘိုင်းဖုန်း ငွေဖြည့်ကတ်များ ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီကြီးတစ်ခုမှ တာဝန်ရှိသူက ပြောသည်။ ပြည်သူများထံသို့ ငွေဖြည့်တက် လက်လီရောင်းချပေးနေသူများကို ယခင်က GSM အတွက် ၅ ရာခိုင်နှုန်း အမြတ်ငွေ ပေးထားသော်လည်း ယခုအခါ တစ်ဆင့် ရောင်းချသည့် ကိုယ်စားလှယ်များက ၂.၈ ရာခိုင်နှုန်းသာ အမြတ်ငွေ ပေးတော့သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေး၏ တားမြစ်ချက်အရ အမြတ်ရာခိုင်နှုန်းတင်၍ ရောင်းချနေသူများကို တိုင်ကြားနိုင်သည်ဟုလည်း သိရသည်။ 

“ကျွန်တော်တို့လည်း သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းထက် အမြတ်ပိုပေးပြီး ရောင်းလို့မရဘူး။ ရောင်းသူတွေကို အမြတ်ရာခိုင်နှုန်း လျှော့ပြီး ပေးရင်တော့ ပေးလို့ရတယ်။ အရှုံးခံပြီး ရောင်းတာမျိုးတွေ၊ အရှုံးနီးပါးဖြစ်အောင် ရောင်းတာမျိုးတွေ မလုပ်ရတော့ဘူး” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ 

မိုဘိုင်းဖုန်း ငွေဖြည့်ကတ် လက်လီရောင်းချသူများအတွက် အမြတ်ရာခိုင်နှုန်း ရရှိမှု နည်းပါးသွားသည်မှာ ယခုလ အစောပိုင်းကတည်းက ဖြစ်ပြီး အဆိုပါကဲ့သို့ အမြတ်ငွေရရှိမှု နည်းပါးသွားသည့်အတွက် ဝယ်ယူသူများမှာ စိတ်ကသိကအောက်နှင့် ကြုံတွေ့နေရသည်ဟု မိုဘိုင်းငွေဖြည့် ကတ် တစ်ဆင့်ခံ ကိုယ်စားလှယ်ဖြစ်သည့် Touch Mobile မှ ကိုသက်လွင်သိန်းစိုးက ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။


0 Comment Box:

Post a Comment


 

Comment Box

Followers