Friday, September 20, 2013

ကော့သောင်းအကျဉ်းထောင် ဖြစ်စဉ်အား မြန်မာ့အသံမှ သတင်းမှားထုတ်လွှင့်မှု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ထံ တိုင်ကြားသွားမည်

 

စာနယ်ဇင်းကောင်စီ၏ လွတ်လပ်ပွင့်လင်းမှု ယခုတိုင်ကြားမှုတွင် အဖြေသိရမည်ဟု ပြောခြင်း

ရန်ကုန်၊ စက်တင်ဘာ ၁၉
ကော့သောင်းမြို့၊ ကိုးမိုင် အကျဉ်းထောင်တွင် စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သော ကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံပိုင် မီဒီယာဖြစ်သော မြန်မာ့အသံမှ စက်တင်ဘာလ ၁၄ ရက်နေ့ သတင်း ထုတ်ပြန်မှုမှာ မှားယွင်းနေပြီး ယင်းမှားယွင်းမှုအတွက် အရေးယူ ဆောင်ရွက်ပေးရန် နိုင်ငံတော် သမ္မတက ဖွဲ့စည်း ပေးထားသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း ယင်းအရေးကို လိုက်ပါ ဆောင်ရွက်နေသူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) တနင်္သာရီတိုင်း စည်းရုံးရေးမှူး ဦးသန်းထွန်းက ပြောသည်။

““နိုင်ငံပိုင် မီဒီယာဆိုပေမယ့် သူလည်း မီဒီယာတစ်ခုဆိုတော့ စာနယ်ဇင်းကောင်စီ (ယာယီ)ကို တိုင်မယ်လေ။ စီစဉ်နေတယ်။ ဒါ့အပြင် ဒီအဖြစ်အပျက်တွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ၊ နိုင်ငံတော် သမ္မတဆီပါ တိုင်စာပို့မယ်၊ စီစဉ်နေတယ်””ဟု ဦးသန်းထွန်းက ပြောသည်။ စက်တင်ဘာလ ၁၃ ရက်နေ့က ထောင်ပိတ်ချိန်တွင် ညီအစ်ကိုနှစ်ဦး စကားများသည့်အပေါ် အရက်မူးနေသော ထောင်ပိုင်နှင့် ထောင်ဝန်ထမ်း ၃ ဦးက ၎င်းတို့ကို ညှဉ်းပန်းနှိပ်စက်ရာ အကျဉ်းသားများက ညှဉ်းပန်းနှိပ်စက်မှု မပြုလုပ်ရန် ပြောကြားမှုကို သေနတ် ပစ်ဖောက်သဖြင့် အကျဉ်းသားများက ကျည်လွတ်ရာ ထွက်ပြေး တိမ်းရှောင်သည်ကို ထောင်ဖောက် ပြေးသည်ဟု ဆိုကြောင်း၊ အဆိုပါဖြစ်စဉ်တွင် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ လာရောက်မှသာ သေနတ် ပစ်ခတ်မှုများ ရပ်တန့်သွားပြီး သေဆုံး ဒဏ်ရာရမှုများရှိကြောင်း၊ ယခုကိစ္စမှာ ထောင်တွင်း အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ကာ နိုင်ငံပိုင်မီဒီယာမှ ယင်းကိုဖုံးကွယ်၍ လိမ်လည် သတင်းလွှင့်ခြင်း… ဖြစ်သည်ဟု ဦးသန်းထွန်းက ပြောသည်။

ယခုဖြစ်စဉ်အပေါ် အကျဉ်းသားများကလည်း ကန့်ကွက်မှုများ ရှိနေပြီး စက်တင်ဘာ ၁၄ ရက် မြန်မာ့အသံ သတင်းထုတ်လွှင့်မှု ပြင်ဆင်ပေးရေး၊ မီဒီယာများနှင့် တွေ့ခွင့်ပေးရေး၊ လူသတ်ထောင်ပိုင် အလိုမရှိကြောင်း အချက် ၃ ချက်ကို တောင်းဆိုလျက် ရှိကြသည်။
မြန်မာ့အသံ၏ သတင်းထုတ်လွှင့်မှု မှားယွင်းခြင်းကို စာနယ်ဇင်းကောင်စီ (ယာယီ)သို့ တိုင်ကြားသည် ဆိုသော်လည်း စာနယ်ဇင်း ကောင်စီတွင် လွတ်လပ် ပွင့်လင်းမှုများ မရှိကြောင်း ကြားသိနေရ၍ ယခု ကိစ္စရပ်တွင် အဖြေသိရမည် ဖြစ်ကြောင်းလည်း ဦးသန်းထွန်းက ပြောသည်။

““စာနယ်ဇင်းကောင်စီကို တိုင်မယ်ဆိုပေမယ့်လည်း သူတို့ဘက်မှ လွတ်လပ်ပွင့်လင်းမှုတွေ အားနည်းတယ်လို့ ကြားနေရတယ်လေ။ ဒီတော့ ဒီကိစ္စကို တင်တဲ့အခါ တကယ်ဟုတ်၊ မဟုတ် အဖြေ သိရတာပေါ့””ဟုပြောသည်။

စာနယ်ဇင်းကောင်စီ (ယာယီ)ကို နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကာ ပုဂ္ဂလိက သတင်းဌာနများ၏ သတင်းဖော်ပြမှုများအား ၀န်ကြီးဌာနများ၊ အခြား ပုဂ္ဂလိကများ၏ တိုင်ကြားမှုများအပေါ် ခေါ်ယူ ညှိနှိုင်း သတိပေးမှုများနှင့် မီဒီယာဥပဒေ ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်း ဆောင်ရွက်မှုများ ဆောင်ရွက်လျက် ရှိသော်လည်း ယခုကဲ့သို့ နိုင်ငံပိုင်မီဒီယာနှင့် ပတ်သက်၍ ဆောင်ရွက်ရန် ဖြစ်ပေါ်ခြင်းမျိုး ရှိခဲ့ဖူးသည်ကိုမူ မသိရပေ။

လတ်တလောတွင် နိုင်ငံတော် သမ္မတနှင့် စာနယ်ဇင်းကောင်စီ (ယာယီ)တို့ ယခုလအတွင်း တွေ့ဆုံ ပြီးနောက် နိုင်ငံတော်သမ္မတက ပေးအပ်သော ကျပ်သိန်းငါးရာကို လက်ခံရယူမှုနှင့် ပတ်သက်၍ မီဒီယာ အသိုင်းအ၀ိုင်း တွင် သာမက စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များ အတွင်းပင် သဘောထား မတူညီမှုနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိသည်။

ယခုကိစ္စရပ်များ ဖြစ်ပွားခဲ့သော ကော့သောင်း ကိုးမိုင်အကျဉ်းထောင်မှ အကျဉ်းသားများကို အခြား အကျဉ်းထောင် တစ်ခုသို့ စက်တင်ဘာလ ၁၈ ရက်နေ့က ရွှေ့ပြောင်းလျက်ရှိသည်။

 နိုင်ငံပိုင် မီဒီယာများကို အများပြည်သူ ၀န်ဆောင်မှု သတင်းစာ လုပ်ငန်းနှင့် အများပြည်သူ ၀န်ဆောင်မှု ​ရေဒီယို ရုပ်သံ ထုတ်လွှင်မှုလုပ်ငန်းများ အဖြစ် ပြောင်းလဲမည့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲ၍ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားခဲ့ကာ မေလ ၅ ရက်ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ယင်းဥပဒေကြမ်းကို ဖော်ပြခဲ့သည်။
ယင်း ဥပဒေ ကြမ်းအရ အစိုးရပိုင် မီဒီယာ လုပ်ငန်းများကို အများပြည်သူ ၀န်ဆောင်မှု မီဒီယာများ ပြောင်းလဲ ဖွဲ့စည်းရာတွင် လိုက်နာသင့်သည့် အခြေခံမူများ၊ ရပိုင်ခွင့်နှင့် တာဝန်များ၊ ကျင့်ဝတ်နှင့် စည်းမျဉ်းများ၊ တာဝန်ယူမှု၊ တားမြစ်ချက်နှင့် ပြစ်ဒဏ်များ စသည်တို့ အပါအ၀င် အခန်း ၁၄ ခန်း ထည့်သွင်း ​ရေးဆွဲထားသည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဇွန်လ ၈ ရက်နေ့က ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး စာနယ်ဇင်း ​ကောင်စီ (ယာယီ)က အချက် ကိုးချက်ဖြင့် ကန့်ကွက်ခဲ့သည်။

ထို့ပြင် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းအပြင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီမှ ရေးဆွဲနေသော ပုံနှိပ်မီဒီယာ ဥပဒေကြမ်း တို့နှင့် ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း အစရှိသည့် ဥပဒေကြမ်း သုံးမျိုးရှိနေပြီး အချို့သော ပြဌာန်း ချက်များမှာ တူညီမှုများ ရှိနေသည့် အပြင် ဥပဒေများအရ ရှုပ်ထွေးမှုများ ရှိလာ နိုင်သည်ဟု  မီဒီယာ လောကက ဝေဖန်ခဲ့ကြသည်။
မြန်မာသံတော်ဆင့်

0 Comment Box:

Post a Comment


 

Comment Box

Followers