Saturday, September 14, 2013

ပညာရေး ပြုပြင်ပြောင်းလဲမှု ဆန္ဒပြသည့် မက္ကဆီကို ကျောင်းဆရာ များနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်

ပညာရေး ပြုပြင်ပြောင်းလဲမှုကို ကန့်ကွက် ဆန္ဒပြတောင်းဆို နေကြသော မက္ကဆီကို ဆရာ၊ ဆရာမများကို ရဲတပ်ဖွဲ့က တားဆီးရန် ကြိုးစား ခဲ့ကြရာမှ နှစ်ဖက် အပြန်အလှန် ပဋိပက္ခများ ဖြစ်ပွား ခဲ့ကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။

ယင်းသို့ ဆရာ၊ ဆရာမများသပိတ် ကြောင့် မြို့တော် မက္ကဆီကိုစီးတီး တွင် ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ခဲ့သည်ဟု ယင်းသတင်းက ဆိုသည်။ မက္ကဆီကိုသမ္မတ အင်းနရစ်ပီနာနီတိုက ပြုပြင်ပြောင်းလဲရေး စီမံချက်ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီးနောက် ဖော်ပြပါ ဆန္ဒပြပွဲများ နိုင်ငံလုံးအနှံ့ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပေသည်။ ပညာရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ဆရာ၊ ဆရာမ သမဂ္ဂများက ဆန့်ကျင်ကန့်ကွက်ကြပြီး လပေါင်းများစွာ အလိုကတည်းက ဆန္ဒပြပွဲများ ဆင်နွှဲနေကြခြင်း ဖြစ်သည်။

ပြုပြင်ပြောင်းလဲမှု များတွင် ဆရာ များအား စာသင်ခန်း စွမ်းဆောင်ရည် ဆက်စပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းလည်း ပါဝင်သည်။ မက္ကဆီကို ဆရာသမဂ္ဂများသည် အကျင့်ပျက် ခြစားမှုများ ရှိနေကြောင်းနှင့် အလုပ်နေရာ ခွဲဝေမှုကို လက်ဝါးကြီး အုပ်ထားကြောင်း ဝေဖန်သူများက ထောက်ပြထားကြသည်။ ဆန္ဒပြ ကျောင်းဆရာ၊ ဆရာမ များက လေဆိပ်ကို ချီတက်သွားစဉ် ရဲတပ်ဖွဲ့ဝင်များက လမ်းမှ ပိတ်ထားသောကြောင့် ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခများ ဖြစ်ပွားခြင်း ဖြစ်ပေသည်။

ပညာရေး ဝန်ထမ်း များသည် သမ္မတ အိမ်တော်အထိ ချီတက် ဆန္ဒပြကြပြီး ရုံးအရာရှိများ ကသာ လက်ခံတွေ့ဆုံ ခဲ့သည်။ ထို့ကြောင့် ဒေါသထွက်လာသော ဆန္ဒပြဝန်ထမ်း များက အဓိက လမ်းမကြီး နှစ်ခုကို ပိတ်ပြီး ဆန္ဒပြ ခဲ့သောကြောင့် မော်တော်ယာဉ်များ သွားလာမှု ပိတ်ဆို့ကုန်ပြီး ရဲများက လာရောက်လူစုခွဲရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ ဆရာ၊ ဆရာမ အလုပ်ကို ဆရာများ သမဂ္ဂက ထိန်းချုပ် ထားပြီး အရည်အချင်း မရှိသော ဝန်ထမ်းများကို ရာထူးတိုးပေး ခြင်းများနှင့် အကျင့်ပျက်မှုများ ရှိနေကြောင်း အစိုးရက ပြောဆို ထားသည်။

The Voice Weekly


0 Comment Box:

Post a Comment


 

Comment Box

Followers