Monday, September 30, 2013

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး လက်မှတ်ထိုးပွဲတွင် ပါတီအားလုံး သက်သေလုပ်ရန် အစိုးရဖိတ်ကြား

 
အစိုးရက အောက်တိုဘာလအတွင်း ကျင်းပရန် စီစဉ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံရေးပါတီ အားလုံး တက်ရောက်ကာ သက်သေအဖြစ် လက်မှတ်ထိုးရန် ဖိတ်ခေါ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။ 

ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေး စင်တာ၌ စက်တင်ဘာလ ၂၉ ရက်နေ့က ကျင်းပသည့် နိုင်ငံရေးပါတီ ၄၀ ကျော်နှင့် အစိုးရအဖွဲ့ တွေ့ဆုံပွဲတွင် ဦးအောင်မင်းက ယင်းသို့ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က  ဆိုသည်။ “နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးတဲ့အခါ နိုင်ငံရေး ပါတီတွေ အားလုံး ပါရမယ်။ ပြီးရင် တောက်လျှောက် Political Dialogue မှာ ပါသွားရမယ်” ဟု ဦးဇိုဇမ်က ရှင်းပြသည်။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး (Nationwide Ceasefire) စာချုပ် လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းတွင် ကျင်းပရန် စီစဉ်နေကြောင်း ဦးအောင်မင်းက ဆိုသည်။ “နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးတာဟာ နိုင်ငံရေး ဆွေးနွေးပွဲအတွက် ခြေလှမ်းအစပဲ” ဟု ဦးအောင်မင်းက ဆိုသည်။ 

အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့တွင် အဖွဲ့ တစ်ဆယ့်လေးဖွဲ့နှင့် သဘောတူညီမှု ရယူထားပြီး ကျန်ရှိနေသည့် KIO/ KIA နှင့် TNLA အဖွဲ့တို့ကို ယခုလအတွင်း တွေ့ဆုံ သဘောတူညီချက်ရရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ ယင်းသို့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးအပြီး ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါတီအားလုံး ပါဝင်ရန် အစိုးရက ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် တွေ့ဆုံပွဲ တက်ရောက်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ 

                                                                                                 ခေတ်လူငယ်



 

0 Comment Box:

Post a Comment


 

Comment Box

Followers