Monday, September 16, 2013

ပြည်ပရောက် မြန်မာများ အမြဲတမ်းနေထိုင်ခွင့် (PR) ခွင့်ပြုရန် လွှတ်တော်တင်


အခြားနိုင်ငံသား ခံယူထားသူ မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသား အတတ်ပညာရှင်၊ လုပ်ငန်းရှင်များ မြန်မာနိုင်ငံအတွင်း နှစ်အကန့်အသတ်နှင့် အမြဲတမ်းနေထိုင်ခွင့် (Permanent Resident System-PR) စနစ်ကို ခွင့်ပြုရန် လွှတ်တော်သို့ တင်သွင်းထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။ 

ယင်းစနစ်ကို အစိုးရက အားလုံးပြင်ဆင်ပြီး ဖြစ်သဖြင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရန်သာ ကျန်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “လွှတ်တော် ပို့ထားပြီးပြီ။ အဋ္ဌမအကြိမ် အစည်းအဝေး ပြန်စရင် ပါလာမယ် ထင်တယ်” ဟု ဦးခင်ရီက ဆိုသည်။ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ ပြည်ပနိုင်ငံသား ခံယူထားသူ မြန်မာများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံလိုသော်လည်း တည်ဆဲဥပဒေအရ နှစ်နိုင်ငံသား ခံယူခွင့် (Dual Citizen) မရှိသဖြင့် အမြဲတမ်းနေထိုင်ခွင့် (PR) စနစ်ဖြင့်သာ အကောင်းဆုံး ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားထားသည်။ အမြဲတမ်းနေထိုင်ခွင့် စနစ်ကို လျင်မြန်စွာ အကောင်အထည် ဖော်နိုင်ပါက ပြည်ပရင်းနှီးမြှုပ်နှံသူများ အမြဲတမ်းနေထိုင်ခွင့် ရရှိမည်ဖြစ်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။ 

ယင်းစနစ်ကို လွှတ်တော်က ခွင့်ပြုပါက စည်းမျဉ်းစည်းကမ်း လိုအပ်ချက်အလိုက် လျှောက်လွှာများ လက်ခံသွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်မူ လျှောက်ထားသူ မရှိသေးကြောင်း ဦးခင်ရီက ပြောဆိုသည်။ မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာသွားသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာနိုင်ရန် အမြဲတမ်း နေထိုင်ခွင့်စနစ်ကို အမြန်ဆုံး အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိက ခရီးစဉ်အတွင်း ထုတ်ဖော် ပြောကြားထားသည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ 

0 Comment Box:

Post a Comment


 

Comment Box

Followers