Saturday, September 28, 2013

SEA Games အားကစားကွင်းများကို မလေးရှား ကလောင်ရှင်များအဖွဲ့ လက်ခံ

 
အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games အတွက် ပြင်ဆင်ထားရှိသော မြန်မာနိုင်ငံရှိ အားကစားကွင်းများကို မလေးရှားနိုင်ငံ၏ အထင်ကရ မီဒီယာများမှ အားကစား ကလောင်ရှင်များအဖွဲ့က အကြံပြု ဝေဖန်ခြင်းမရှိဘဲ လက်ခံမှုရှိကြောင်း မလေးရှား အားကစား ကလောင်ရှင်များအဖွဲ့ အတွင်းရေးမှူး Asan Ahmad က ပြောကြားသည်။ 

“ဝဏ္ဏသိဒ္ဓိ အားကစားကွင်းက အဆင့်မီပါတယ်။ ကစားသမားတွေ အတွက်ရော မီဒီယာသမားတွေ အတွက်ပါ အဆင်ပြေမှာပါ” ဟု ၎င်းက ဆိုသည်။ စက်တင်ဘာလ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ လာရောက်လေ့လာ ကြည့်ရှုခဲ့သော အဆိုပါ အဖွဲ့တွင် မလေးရှားနိုင်ငံ၏ အထင်ကရ မီဒီယာများဖြစ်သော Astro Arena, RTM, HArian Metro, Berita Harian, Star, New Straits, Times, Nanyang Siang Pau စသည့် သတင်းစာတိုက်များအပြင် ရုပ်သံမီဒီယာများမှ ကလောင်ရှင် ၃၄ ဦး ပါဝင်ပြီး White Dolphin ခရီးသွားကုမ္ပဏီနှင့် ချိတ်ဆက်ကာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။

 မလေးရှား အားကစား ကလောင်ရှင်များ အဖွဲ့သည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၂၆ ရက်နေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းကို လေ့လာခဲ့ပြီးနောက် စက်တင်ဘာလ ၂၈ ရက်နေ့ ညနေတွင် မလေးရှားနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း White Dolphin ခရီးသွားကုမ္ပဏီ အကြီးအကဲဖြစ်သူ ဒေါ်လှိုင်လှိုင်ထွန်းက ပြောကြားသည်။ 

 ရန်ကုန်မြို့ရှိ အားကစားကွင်းများကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းအသင်း အောင်နိုင်ရေးအဖွဲ့က လာရောက်လေ့လာခဲ့ပြီး ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် လိုအပ်ချက်များရှိကြောင်း၊ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က ချမှတ်ထားသည့်အတိုင်း SEA Games အမီ ပြင်ဆင်မှုများ ပြုလုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အုပ်စုပတ်လည် ပွဲစဉ်များ ကျင်းပမည့် ရန်ကုန်မြို့ရှိ သုဝဏ္ဏ ဘောလုံးကွင်းသည် ရေဝပ်သော ကွင်းဖြစ်ပြီး သန့်စင်ခန်းမှ အနံ့ဆိုးများ ထွက်ရှိခြင်း၊ သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် သက်တမ်း အလိုက် အာရှဘောလုံး အဖွဲ့ချုပ် ဖလားပြိုင်ပွဲများ ကျင်းပစဉ်က ပြိုင်ပွဲဝင်နိုင်ငံများက ဝေဖန်ခဲ့ကြသည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


                                                                                                            ခေတ်လူငယ်

 

0 Comment Box:

Post a Comment


 

Comment Box

Followers