Sunday, September 15, 2013

လူကုန်ကူးမှု ပုံစံများ ပြောင်းလဲ ကျူးလွန်လာ၊ ကျူးလွန်သူအများစုက အမျိုးသမီးများဖြစ်နေ

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာသည်ကိုတွေ့ရှိရပြီး  လူကုန်ကူးမှုများကို ကျူးလွန်နေသူများအများစုမှာ အမျိုးသမီးများဖြစ်ကြပြီးစုစုပေါင်း ၆၅ % ထိရှိနေကြောင်း သိရှိရသည်။


ထိုကြောင့် လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဒုတိယငါးနှစ်စီမံကိန်းအတွက်
ကာကွယ်တာဆီးရေးဆိုင်ရာနည်းဗျူဟာ
များ ချမှတ်အကောင်အထည်ဖော်လျှက်ရှိသည်ဟုလူကုန်ကူးမှုကာကွယ်တာဆီးရေးအဖွဲ့ ဥက္ကဌ ကရင်ပြည်နယ်အစိုးရအတွင်းရေးမှုးဦးမျိုးအောင်ဌေးက ပြောသည်။

စက်တင်ဘာလ ၁၃ ရက် ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ခန်းမ၌ပြုလုပ်သောလူကုန်ကူမှုတိုက်ဖြတ်ရေးနေ့တွင် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

"မိမိတို့ဒေသအတွင်းမှာရှိတဲ့ လူကုန်ကူးမှုပုံစံတွေက
ပြောင်းလဲတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒုတိယငါးနှစ်စီမံကိန်းနဲ့
ကာကွယ်တာဆီးရေး နည်းဗျူဟာများ ချမှတ် အကောင်အထည်ဖော်ဖို့ ရှိပါတယ်။" ဟု
ကရင်ပြည်နယ်အစိုးရအတွင်းရေးမှုး ဦးမျိုးအောင်ဌေးက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံရှိမြို့ပေါင်း ၃၃၀ ရှိသည့်အနက် ၁၁၉ မြို့နယ်တွင်လူကုန်ကူးမှုများဖြစ်ပွားလျှက်ရှိနေပြီး ရန်ကုန်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အရှေ့ပိုင်း ၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှာ အများဆုံးဖြစ်ပွားနေကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုကာကွယ်တားဆီးရေးဥပဒေကို ၂၀၀၅ စက်တင်ဘာလတွင်ပြဌာန်းခဲ့ပြီး ၂၀၀၆ ခုနှစ်၌ ပြည်နယ်နှင့်တိုင်းအလိုက်လူကုန်ကူးမှုဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့များ ဖွဲ့စည်း၍ ၅ နှစ်စီမံကိန်းရေးဆွဲကာ လုပ်ငန်းစဉ်များကို အကောင်းအထည်ဖော်ခဲ့ကြောင်း
သိရသည်။

"ကရင်ပြည်နယ်အနေနဲ့ ၂၀၀၆ ခုနှစ် ဇန်န၀ါရီလက စပြီး အမျိုးသား ၁၁၆ ဦးအမျိုးသမီး ၂၈၈ဦး ကလေး ၂၄ ဦး စုစုပေါင်း ၄၂၈ ဦး တို့ကို ပြန်လည်လက်ခံခဲ့ပြီးဖြစ်ပါတယ်။ လူကုန်ကူးမှုနဲ့ပတ်သတ်ပြီး ၂၀၀၆ ခုနှစ် ကနေ
အခုချိန်ထိ လူကုန်ကူးမှု ၂၄ မှု ၊ လူမှောင်ခိုမှု ၅၈ မှု၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဥပဒေနဲ့ ၇ မှု တို့နဲ့ လူပေါင်း ၁၆၃ ဦးကို
အရေးယူနိုင်ခဲ့ပါတယ်။" ဟု ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းကပြောသည်။

လူကုန်ကူးခြင်းခံရသူ အမျိုးသား ၁၈၃ ဦးနှင့် အမျိုးသမီး ၁၆၉ ဦးတို့အားလူကုန်ကူးသူများလက်မှ တာဝန်ရှိသူများက ကယ်တင်စောင့်ရှောက်နိုင်ခဲ့သည်ဟု၎င်းကဆက်၍ ပြောသည်။
"၂၀၀၅ လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဥပဒေအရ မည်သူကိုမဆို အခန်း ၉ ပုဒ်မ၂၄ ကနေ့ ၃၃ ထိပြဌာန်းထား ပါတယ်။ ကျူးလွန်နေသူတွေကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းထိ ထောင်ဒဏ်အပြင် ငွေဒဏ်ကိုပါ ချမှတ်လို့ရပါတယ်။" ဟု ဥပဒေချုပ်ရုံး ဒု-ညွန်ကြားရေးမှူး ဦးဌေးအောင်က ပြောသည်။

၂၀၀၄ ခုနှစ်တွင် မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖြတ်ရေးဆိုင်ရာ ကွန်ဗန်းရှင်း
အဖွဲ့ဝင်အဖြစ်စ တင်ဝင်ရောက်ခဲ့သည်။
ကမ္ဘာပေါ်တွင် လူပေါင်း ၂၆ သန်းကျော် ခေတ်သစ်ကျေးကျွန်ဘ၀ရောက်ရှိနေရပြီးနှစ်စဉ် လူပေါင်း ၁.၅ သန်းကျော်နှင့် အာရှတိုက်အတွင်း၌ လူပေါင်း ၉သန်းကျော်တို့မှာ လူကုန်ကူးခြင်းခံနေရသည်ဟု ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖြတ်ရေး ဒေသဆိုင်ရာရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။

 မြစ်မခမီဒီယာ



0 Comment Box:

Post a Comment


 

Comment Box

Followers