Wednesday, September 18, 2013

ကော်ရှူလူငယ် ၈၀ ခန့် လူမှုဝန်ထမ်း ထိန်းသိမ်း



လူငယ်ထုအကြား ကော်ရှူသည့်ဓလေ့ များပြားလာသောကြောင့် လူမှုဝန်ထမ်းဦးစီးဌာနက ပညာပေး အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် လူမှုဝန်ထမ်း ဦးစီးဌာန၏ လူငယ်ပြုပြင်ရေး သင်တန်းကျောင်းများ၌ ကော်ရှူကလေးသူငယ် ၈၀ နီးပါး လက်ခံထားကြောင်း လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

 လမ်းပေါ်တွင် ကော်ရှူနေသော ကလေးသူငယ်များကို တွေ့ရှိလျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လူမှုဝန်ထမ်းဦးစီးဌာနသို့ ပို့ဆောင်ပေးကြောင်း၊ ယင်းမှ အသက် ၁၈ နှစ်အောက် ယောကျာ်းလေးများကို သန်လျင်နှင့် ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေးကျောင်း၊ မိန်းကလေးများကို ထောက်ကြန့် အမျိုးသမီးကလေးများ သင်တန်းကျောင်းနှင့် မန္တလေးရှိ လူမှုဝန်ထမ်းဦးစီးဌာန လူငယ်လေ့ကျင့်ရေးစခန်းသို့ တစ်ဆင့်ပြန်လည် ပို့ဆောင်ခဲ့ကြောင်း ၄င်းက ရှင်းလင်း ပြောကြားသည်။

 လေ့ကျင့်ရေးကျောင်း တစ်ကျောင်းလျှင် လူငယ် ၂၀ ဦးခန့်ရှိပြီး ယင်းလူငယ်များတွင် ဂေဟာသို့ ဒုတိယအကြိမ် ရောက်ရှိသော လူငယ်များလည်း ပါဝင်ကြောင်း၊ အချို့လူငယ်များသည် ပထမအကြိမ် ရောက်ရှိချိန်တွင် ကော်ရှူခြင်းဓလေ့ ပျောက်ကင်းသွားသော်လည်း ပြင်ပပတ်ဝန်းကျင်နှင့်
 ပြန်လည်ထိတွေ့ပါက ကော်ရှူခြင်း ပြန်လည်စွဲသွားကြောင်း လူမှုဝန်ထမ်းဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ 

 ယင်းကြောင့် လူမှုဝန်ထမ်းဦးစီးဌာနက ကယ်ဆယ်ထားသော ကလေးသူငယ်နှင့် လူငယ်လေ့ကျင့်ရေး စခန်းများသို့ ဒုတိယအကြိမ် ပြန်ရောက်သော ကလေးသူငယ်များကို စိစစ်ရန်အတွက် ယခုလမှ စတင်ကာ လေ့ကျင့်ရေးစခန်းသို့ ရောက်လာသော ကလေးငယ်များ၏ ကိုယ်ရေးရာဇဝင်များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များကလည်း လူမှုဝန်ထမ်းသို့ ရောက်ရှိလာသည့် ကော်ရှူကလေးသူငယ်များကို ရာဇဝတ်မှုရှိ၊ မရှိ စစ်ဆေးကာ တွေ့ရှိပါက ကလေးသူငယ် ဥပဒေအတိုင်း အရေးယူမှုများ ပြုလုပ်သွားရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ 

ကျန်းမာရေးဝန်ကြီးဌာနက ကော်ရှူကလေး သူငယ်များအတွက် ကော်ရှူသုံးစွဲခြင်း တားဆီးရေး ဥပဒေတစ်ခု အမြန်ဆုံး ရေးဆွဲသွားရန်ရှိကြောင်း ဇူလိုင်လ ၄ ရက်နေ့တွင် ယခင်ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။  
 ခေတ်လူငယ်

0 Comment Box:

Post a Comment


 

Comment Box

Followers