Monday, September 23, 2013

အိမ် ခြံ မြေ အနိမ့်ဆုံး သတ်မှတ်ချက်တွေကို အစိုးရ ထုတ်ပြန်



ရန်ကုန်မှာ အိမ်ခြံမြေ အရောင်းအ၀ယ်မှာ အနိမ့်ဆုံး ဈေးနှုန်း သတ်မှတ်ချက်တွေကို အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုသတ်မှတ်တာဟာ ဈေးနှုန်းကို ထိန်းချုပ်ဖို့ အစိုးရအနေနဲ့ အခွန်ဆုံးရှုံးမှုကို ကာကွယ်ဖို့ အပြင် အိမ်ခြံမြေဈေးကွက်ကို
ဈေးမကစားနိုင်အောင်လို့ လုပ်တာ ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်သိန်းက ပြောသည်။

အစိုးရဌာနဆိုင်ရာ အဖွဲ့ ၆ ဖွဲ့ပါတဲ့ ကာလတန်ဖိုး စီစစ်သတ်မှတ်ရေးအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ရှိတဲ့မြို့ ၃၃ မြို့နယ်မှာ လာမယ့် အောက်တိုဘာလ တစ်ရက်နေ့က စပြီး ဒီစနစ်နဲ့ စမ်းသပ် ကောက်ခံသွားမှာ ဖြစ်ပါတယ်။

ဒီလို သတ်မှတ်လိုက်တဲ့ နှုန်းထားတွေဟာ လက်ရှိ ရန်ကုန် အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးကွက် ပေါက်ဈေးကို အခြေခံပြီး
သတ်မှတ်ထားတာ ဆိုပေမယ့် လက်ရှိ ဈေးကွက်အတွင်းမှာ အရောင်းအ၀ယ် ဖြစ်နေတဲ့ ပေါက်ဈေးတွေနဲ့ နှိုင်းယှဉ်ရင်တော့
၎ ပုံ ပုံရင် တစ်ပုံလောက်ပဲ ရှိပါတယ်။

ရန်ကုန်မှာ ဒီလိုစနစ်နဲ့ ကောက်ခံဖို့ သတ်မှတ်ရတာနဲ့ ပတ်သက်လို့ ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး
ဦးမောင်မောင်သိန်းက ဘီဘီစီကို ပြောပြရာမှာ ရန်ကုန်တိုင်း အတွင်းမှာ စလုပ်တာ ဖြစ်ပြီး စမ်းသပ် လုပ်ဆောင်တာလို့ ဆိုပါတယ်။

ဒါဟာ အခွန်အပြည့်အ၀ ရဖို့ လုပ်ဆောင်တာဖြစ်ပြီး ဈေးသတ်မှတ်တာ မဟုတ်ကြောင်း၊ အခွန် မဆုံးရှုံးရအောင်
ဦးတည်လုပ်ဆောင်တာ ဖြစ်ကြောင်း၊ အခွန်က ဒီအတိုင်းသွားရင် ဈေးကစားလို့ မရအောင် လုပ်တာလို့
ဒုဝန်ကြီး ဦးမောင်မောင်သိမ်းက ပြောပါတယ်။

အခုလို အစိုးရ သတ်မှတ်လိုက်တဲ့ မြို့နယ်အလိုက် ဈေးနှုန်းတွေ ထဲမှာ ဈေးအကြီးဆုံးကတော့ မရမ်းကုန်းမြို့နယ် နဲ့
ဗဟန်းမြို့နယ်တို့ဖြစ်ပြီးတော့ တစ်ပေပတ်လည်ကို ကျပ် ၃ သိန်းကျော် လောက်အထိကို သတ်မှတ်ထားတယ်လို့
ရန်ကုန်က အိမ်ခြံမြေ အရောင်းအ၀ယ် လုပ်တဲ့ သူတွေကပြောပါတယ်။

ဒီလို သတ်မှတ်ပြီး ကောက်မယ်လို့ အစိုးရက ပြောပြီးတဲ့ နောက်ပိုင်းမှာ ရန်ကုန် အိမ်ခြံမြေ အရောင်းအ၀ယ်
အခြေအနေကို ဘယ်လို သက်ရောက်မှု ရှိနိုင်ပါသလဲလို့ စိုင်းခွန်နောင် အိမ်ခြံမြေ အရောင်းအ၀ယ် လုပ်ငန်းက
အထွေထွေမန်နေဂျာ ဦးရန်အောင် ကိုမေးကြည့်တဲ့ အခါ ဈေးပြောင်းမသွားနိုင်ပါဘူးလို့ သူကဆိုပါတယ်။

တကယ် မ၀ယ်မဖြစ်တဲ့ သူတွေကတော့ ၀ယ်ယူနေထိုင်ကြမှာ ဖြစ်တယ်လို့ ဦးရန်အောင်က ပြောပါတယ်။

ဒါ့အပြင် အချက်အချာ ကျတဲ့ နေရာတွေကတော့ အရောင်းအ၀ယ် ဈေးကျမသွားနိုင်ဘဲ အရောင်အ၀ယ်က
အရင်အတိုင်း ဆက်သွားဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် မြို့သစ်တွေမှာ အကွက်သစ်တွေကို ၀ယ်ရောင်းလုပ်သူတွေကတော့ ဈေးကစားနိုင်မှာ မဟုတ်တော့တဲ့
အကြောင်း သူက ရှင်းပြခဲ့ပါတယ်။
ဒီလို မြေတွေ၊ ခြံတွေ၊ အိမ်တွေကို ၀ယ်ပြီး ပြန်ရောင်း ဈေးကစားတာဟာ ၂၀၀၇ တုန်းက အစိုးရက အခွန်နှုန်းထား
တွေကို လျှော့ပေးလိုက်တဲ့ အချိန်ကစပြီး သိသာလာတယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်းမျာ အိမ်ခြံမြေ မြေဈေးတွေ မြင့်လာတာဖြစ်ပြီး အခုစနစ်ဟာ အရင်စနစ်နဲ့ ကွာတာက ပြည်ထဲရေး၊
 ပြည်တွင်းအခွန်၊ အထွေထွေအုပ်ချုပ်ရေး ရဲတပ်ဖွဲ့ အမျိုးသားစီမ့ကိန်းနဲ့ အိုးအိမ်စတဲ့ ဌာနတွေ ပါဝင်ပြီးတော့
လိုအပ်သလို ဈေးနှုန်းတွေကို ပြင်ဆင် သတ်မှတ်ဖို့ ရှိတယ် ဆိုတဲ့ အတွက် အများကြီး လက်တွေ့ကျတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အခွန်ကို ၀ယ်ယူသူက ၃၇ ရာခိုင်နှုန်း ရောင်းသူ ဖက်က ၇ ရာခိုင်နှုန်း ဆောင်ဖို့ သတ်မှတ်ချက်ဟာ
အိမ် ခြံ မြေ အမည်ပေါက် ပြောင်းမှဘဲ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုယ်စားလှယ် လွှဲစာ စပယ်ရှယ် ပါဝါတွေနဲ့ အမည်မပြောင်းဘဲ တွေ့ရောင်း၊ တွေ့ဝယ် နေတဲ့
တကယ့်ဈေးကွက်မှာ အချိန်တို အတွင်း ဈေးတွေ ကျလာနိုင်တဲ့ အထိ အလုပ်မဖြစ်နိုင်ဘူးလို့လည်း သုံးသပ်နေကြပါတယ်။

BBC Burmese



0 Comment Box:

Post a Comment


 

Comment Box

Followers