Friday, October 4, 2013

ဒေါ်လာ ၁၁ ဘီလီယံကိစ္စ ပြည်ထောင်စု လွှတ်တော်တွင် ထပ်ရှင်းမည်


 
 
အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိရှိသော ဘဏ်စာရင်းငါးခုကို ပြည်ပဘဏ်များ၌ အပ်နှံထားခြင်းကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီများကို ပေးလျှော်ခြင်းမရှိဟု ပြည်တွင်းသတင်း မီဒီယာအချို့တွင် ဖော်ပြချက်ကို အစိုးရက အောက်တိုဘာလ ၄ ရက်နေ့တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင် ထပ်မံရှင်းလင်းမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။ 
 
 အဆိုပါသတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ ရှင်းလင်းတင်ပြမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး တတိယနေ့ အစီအစဉ်တွင် ဖော်ပြထားသည်။
 
 “၁၁ ဘီလီယံကိစ္စကို ဘဏ္ဍာရေး ဝန်ကြီးဌာနက လွှတ်တော်မှာရှင်းဖို့ ရှိပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ မြန်မာနိုင်ငံက ငွေစာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကို ပြည်ပတွင် အပ်နှံထားမှုကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီဟောင်းများကို ပေးလျှော်ခြင်းမရှိ ဆိုခြင်းမှာ လုံးဝမှားယွင်းကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က စက်တင်ဘာလ ၂၀ ရက်နေ့က ပြောကြားထားသည်။
 
 “၁၁ ဘီလီယံရှိတာတို့၊ အကောင့်ငါးခုရှိတာတို့ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး။ သိလည်းမသိပါဘူး” ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောဆိုထားသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေကြေး အရန်ငွေအဖြစ် ဗဟိုဘဏ်၊ အစိုးရကုန်သွယ်မှု ဘဏ်များနှင့် ပုဂ္ဂလိကဘဏ် အသီးသီးက ပြည်ပဘဏ်များ၌ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံ အပ်နှံထားကြောင်း အစိုးရအဖွဲ့က တရားဝင် ထုတ်ပြန်ထားသည်ဟု ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။ 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers