Saturday, October 26, 2013

ဧည့်စာရင်းဥပဒေပြင်ဆင်မည်ဟု ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းဆို



၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သာမက တည်ဆဲဥပဒေများကို ဥပဒေပညာရှင်များဖြင့် လေ့လာဆန်းစစ်၍ လိုအပ်ချက်များကို အစိုးရနှင့် အများပြည်သူများပါသိရှိနိုင်စေရန် ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူ့အခွင့်ရေးချိုးဖောက်ခံရသည့်ဥပဒေများဖြစ်သော ဧည့်စာရင်းဥပဒေမျိုးကို ပြင်ဆင်နိုင်ရန် အလေး ထားဆောင်ရွက်သွားမည်ဟု သိရသည်။

“ဧည့်စာရင်း ဥပဒေဆိုရင် အင်္ဂလိပ်လက်ထက်ထဲက ကျွန်သက်ရှည်အောင် လုပ်ထားတဲ့ ဥပဒေမျိုးကို ခေတ် အဆက်ဆက် အစိုးရလက်ထက်မှာ သူတို့ရဲ့ အာဏာရရှိမှုအတွက် အသုံးချသွားတယ်။ တောကလူ မြို့မတက်နိုင်အောင် လုပ်ထားတယ်။ ကိုယ့် အိမ်မှာ ကိုယ်နေတာတောင် အချိန်မရွေးလာ တံခါးခေါက်ပြီး ကျုးကျော် စော်ကားခွင့် ပေးထားတဲ့ ဥပဒေမျိုးပါ။ အဲဒီလို ဥပဒေမျိုး တွေကို ပြင်ဆင်နိုင်ဖို့ကြိုးစားသွားမှာပါ။” ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဥပဒေရေးရာ တာဝန်ခံ ကိုကျော်ကျော်ထွေး (ခ) ကိုမာကီးက ပြောသည်။

ဥပဒေများပြင်ဆင်နိုင်ရေးအတွက် လေ့လာဆန်းစစ်ချက်များသည် လွှတ်တော်အတွင်း၌ ဥပဒေများ ပြင်ဆင်နိုင်ရန်အတွက် တွန်းအားတစ်ခုဖြစ်လာနိုင်ကြောင်းနှင့် အဆိုပါဥပဒေများအား လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို အချိန်သတ်မှတ်ချက် တစ်ခု အနေနှင့် မဟုတ်ပဲ ရေရှည်ပြုလုပ်သွားရန် လိုအပ်ကြောင်း သိရသည်။

လူ့အခွင့်ရေးအား လေးစားလိုက်နာသည့် ဒီမိုကရေစီအင်အားစုများ လွှတ်တော်တွင်းရှိရန်လိုအပ်ကြောင်းနှင့် လွှတ်တော်ထဲတွင် ရောက်ရှိနေသော လွှတ်တော်အမတ်များမှလည်း အင်တိုက်အားတိုက်လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောဆိုသုံးသပ်ချက်များ ရှိသည်။

“ဧည့်စာရင်းဥပဒေတစ်ခုတည်းတင် မကပါဘူး။ မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးချိုးဖောက်နေတဲ့ ဥပဒေတွေ ရှိနေတုန်းပါ။ ဧည့် စာရင်းဥပဒေကို လွှတ်တော်ထဲမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေ ပြင်ဖို့လုပ်တာ မအောင်မြင်ခဲ့ပါဘူး။ လွှတ်တော်မှာပဲ ဥပဒေ တွေက ပြင်ရမှာဆိုတော့ ဒီမိုကရေစီ အင်အားစုတွေ လွှတ်တော်ထဲကို များများရောက်ဖို့ လိုအပ်တယ်။” ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းမှ သုံးသပ်ပြောကြားသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၁၉၈၈ ခုနှစ်တည်းက ဒီမိုကရေစီအရေး လှုပ်ရှားသူများ တောင်းဆိုလာခဲ့ သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အကာကွယ်ပေးနိုင်သော၊ ဖော်ဆောင်ပေးနိုင်သည့် အခြေခံအချက်များ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပိုမိုပါဝင်လာအောင် တိုက်တွန်းတောင်းဆိုသွားမည်ဟု  သိရသည်။

လက်ရှိတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရန် တိုင်းရင်းသားအဖွဲ့အစည်းများအပါအဝင် ပြည်သူအများစုက လိုလားလျှက် ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဥပဒေပညာရှင်များက လူထုအတွင်း ဆွေးနွေးဟောပြောမှုများ ၊ ဆန္ဒကောက်ယူမှုများ ပြု လုပ်လျှက်ရှိသည်။

                                                                                            Myitmakha Media Group

0 Comment Box:

Post a Comment


 

Comment Box

Followers