Sunday, October 13, 2013

မုံရွာမြို့တွင် အမည်မပေါ် ယာဉ်တိုက်မှုဖြစ်ပွားရာ၌ အသက်(၅၀)နှစ်အရွယ်ခန့် လူတစ်ဦးသေဆုံး


 
မုံရွာ၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး။ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ ပြည်ထောင်စုလမ်း မဟာဓာတ်အားလိုင်း တာဝါတိုင်အနီးတွင် ယနေ့ မနက် ၁၁ နာရီထိုးရန် ၁၀ မိနစ်ခန့်အလို အချိန်တွင် အမည်မပေါ် ယာဉ်တိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ရ ကြောင်း သိရသည်။


အဆိုပါ ပြည်ထောင်စု လမ်းမကြီးအတိုင်း တောင်မှ မြောက်သို့ အရှိန်ပြင်းစွာ မောင်းနှင်လာသည့် အနက်ရောင် ဒါဘရယ် ကဒ် ဖိုးဝှီးတစ်စီးသည် ၎င်းယာဉ်ကြောအတိုင်း မောင်းနှင်နေသည့် Anbo -110 အမျိုးအစား ယာဉ်အမှတ် ၃၁ယ/၁၀၂၀၁ ၀ိုင်တူးကေ ဆိုင်ကယ်တစ်စီးအား ကျော်တက်ခဲ့ရာတွင် ဆိုင်ကယ်စီးနင်းလာသူကို နောက်မှဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။


ဆိုင်ကယ်စီးနင်းလာသူမှာ အင်္ကျီ အဖြူရောင်ဝတ်ဆင်ထားရှိပြီး နေအိမ်ခတ်သော့တံတစ်ချောင်းပါရှိသည်ဟု သိရသည်။ ထိုသူသည် အခင်းဖြစ်အရပ်တွင် သတိမေ့မျှောလျက်ရှိပြီး မုံရွာပြည်သူ့ဆေးရုံကြီးရှိ ပြင်ပလူနာ အရေးပေါ်ဌာနရှိ ဆရာဝန် များ၏ သုံးသပ်ချက်များအရ ထိုသူသည် သေဆုံးလျက်ရှိနေသည်ဟု သိရသည်။


သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ကို ယခုအချိန်ထိ အမည်မပေါ်ပေါက်သေးကြောင်း ယနေ့ည ၈ နာရီအချိန်ခန့်က ဆေးရုံရှိ ဆေးမှုခင်းဌာနမှ အတည်ပြုပြောကြားခဲ့သည်။


ယာဉ်ကြောမှန်၊ လမ်းကြောင်းမှန် စီးနင်းလာသည့် ဆိုင်ကယ်ယာဉ်အား နောက်မှဝင်ရောက်တိုက်မိသည့် ကားသည် မျက်မြင် တချို့၏ ပြောပြချက်များအရ ဌာနဆိုင်ရာလုပ်ငန်းသုံးယာဉ်တစ်စီးဖြစ်နိုင်ကြောင်း၊ထင်ကြေးပေးပြောဆိုနေသော်လည်း ၌ယာဉ်မှာ တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။


အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာနှင့် ကိုက် ၁၀၀ နီးပါးခန့်တွင် ဘိုးဘွားရိပ်သာ မီးပွိုင့်နှင့် ယာဉ်ထိန်းကင်းရုံ တစ်ခုရှိ ကြောင်းသိရသည်။ ထို ယာဉ်တိုက်မှုဖြစ်ပွားစဉ် အချိန်ခန့်က ၎င်း ယာဉ်ထိန်းကင်းရုံတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် မရှိကြောင်း ထပ်ဆင့်၍ သိရှိရသည်။ 


အကြောင်းမှာ သူဗ္ဗောဓာရုံကျောင်းတိုက်၌ သီးတင်းသီလဆောက်တည်ရန် ရောက်ရှိနေသူ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင် အကြီးအကဲတစ်ဦး၏ လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နိုင်ရန်အတွက် ကျောက္ကာလမ်းမကြီးသို့ သွားရောက်နေရသည့်အတွက်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စည်းကမ်းမဲ့ ယာဉ်မောင်းနှင်သူ လူတစ်ဦးကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦးသေဆုံးရခြင်းသည် တိုင်းဒေသကြီး၏ အနာဂတ် ဖွှံ့ဖြိုးရေး လုပ်ငန်းများအတွက် အားတအားလျော့ခြင်းဖြစ်ရကြောင်း ပြောဆိုဝေဖန်သူများလည်း ရှိသည်။


မည်သို့ပင်ဆိုစေကာမူ အဆိုပါယာဉ်တိုက်မှုသည် သေဆုံးသူကိုလည်းမသိ၊ တိုက်ပြေးသည့် ယာဉ်ကိုမလည်းမသိဖြစ်နေရ ခြင်းမှာ အမည်မပေါ် ယာဉ်တိုက်မှုတစ်ခုသာလျင် လက်ရှိအချိန်ထိ ဆိုရပေတော့မည်။


                                                                                သတင်း၊ ကိုတိုး(ချင်းတွင်း)


 

0 Comment Box:

Post a Comment


 

Comment Box

Followers