Friday, October 4, 2013
အရေးပေါ်လူနာတင်ယာဉ်ခေါ်ဆိုမှု နံပါတ်ပြောင်း
အရေးပေါ်လူနာတင်ယာဉ် ဆက်သွယ်ခေါ်ယူနိုင်ရန် ဂဏန်းလေးလုံးပါ အရေးပေါ်ဖုန်းလိုင်းသို့ စတင်ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း အရေးပေါ်လူနာ အသက်ကယ်တင်ကုသပို့ဆောင်ရေးဖောင်ဒေးရှင်းမှ သတင်းရရှိသည်။
ပြည်တွင်းတွင် အသုံးပြုခဲ့သည့် နံပါတ်များသည် မှတ်သားရခက်ခဲပြီး လိုင်းကျပ်မှုများကြောင့် လူနာတင်ယာဉ်ခေါ်ဆိုမှုတွင် အခက်အခဲများရှိခဲ့သဖြင့် မြန်မာနိုင်ငံဆရာဝန်အသင်း၏ တောင်းဆိုချက်အရ ခေါ်ရလွယ်ကူသည့်နံပါတ်
အဖြစ် ပြောင်းလဲသွားမည်ဟု ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆက်သွယ်ရေး သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
အရေးပေါ်လူနာတင်ယာဉ်အတွက် Hotline တယ်လီဖုန်း နံပါတ် “၁၈၃၀” သို့ ခေါ်ဆိုနိုင်ပြီး ယခင်က နံပတ်ကိုးလုံးပါ တယ်လီဖုန်းနံပါတ်ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်က ပြုလုပ်သည့် ကမ္ဘောဇဘဏ်၏ လူနာတင်ယာဉ်နှင့် စက်ပစ္စည်းများလှူဒါန်းပွဲ အခမ်းအနား၌ပြောသည်
။““မှတ်ရလွယ်ကူတဲ့ နံပါတ်တော့ မဟုတ်ပေမယ့် အရင်ထက်စာရင် ဒီနံပါတ်က တော်တော်အဆင်ပြေသွားတယ်။ အရင်က ဖုန်းနံပါတ်က မှတ်ရခက်တဲ့အတွက် လူလည်းသိပ်မသိခဲ့ဘူး”” ဟု မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ဒေါက်တာကျော်မြင့်နိုင်က ပြောသည်။
မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဦးဆောင်၍ ဧရာဝတီဖောင်ဒေးရှင်း၏ အလှူဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးသော အရေးပေါ်အသက်ကယ်နိုင်မည့် စက်ပစ္စည်းများ၊ ကျွမ်းကျင်ဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာ ၀န်ထမ်းများ ပါဝင်သည့် အရေးပေါ် လူနာအသက်ကယ်တင်ကုသပို့ဆောင်ရေး ဖောင်ဒေးရှင်းကို ပြီးခဲ့သည့်နှစ်က စတင်တည်ထောင်ခဲ့သည်။
အရေးပေါ်အသက်ကယ်နိုင်မည့် စက်ပစ္စည်းကိရိယာများ နှင့် ၀န်ထမ်းများပါရှိသည့် လူနာတင်ယာဉ် ငါးစီးဖြင့် ရန်ကုန် စည်ပင်သာယာနယ်နိမိတ်များတွင် စတင်ဆောင်ရွက်နေပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
““အခုက တကယ်လိုအပ်ချက်နဲ့ယှဉ်ရင် သိပ်မလုပ်နိုင်သေးပါဘူး။ နေရာက မြို့နယ်ဖြစ်နေတဲ့အခါ ဝေးတဲ့မြို့နယ်တွေက လှမ်းခေါ်ရခက်တော့ သိပ်မတွင်ကျယ်သေးဘူး။ နောက်ပိုင်းတော့ သက်ဆိုင်ရာ မြို့နယ်တွေအလိုက် အနီးဆုံးရောက်နိုင်အောင်  ထပ်တိုးချဲ့ဖို့ရှိတယ်”” ဟု ဖောင်ဒေးရှင်းဥက္ကဋ္ဌကပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနကလည်း ဆီးဂိမ်းမတိုင်မီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်အသက်ကယ်နိုင်သည့် လူနာတင်ယာဉ် ၀န်ဆောင်မှု စတင်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
                                                                                               7Day Daily
0 Comment Box:
Post a Comment
Comment Box
Followers