Thursday, October 17, 2013

ဆီးဂိမ်းစ် အားကစားသမားများကို သုံးလခံ မိုဘိုင်းဆင်းကတ်များ အခမဲ့ပေးမည်



အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကာလအတွင်း အားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပြည်တွင်း၊ ပြည်ပ အားကစားသမားများအတွက် 2G မိုဘိုင်း Sim Card များ အခမဲ့ အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁၄-၁၀-၂၀၁၃ ရက်က သိရသည်။

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချထားပေးသွားမည့် Sim Card များကို အားကစားသမားများ အနေဖြင့် သုံးလ အသုံးပြုနိုင်မည် ဖြစ်ပြီး နိုဝင်ဘာလမှ စတင်ချပေးသွားနိုင်ရေး စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ “Sim Card တွေကို Sea Game မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပြည်တွင်း၊ ပြည်ပ အားကစားသမားတိုင်းကို ပေးသွားမှာ ဖြစ်တယ်။
ဖုန်းပြောဆိုခ အတွက်ကိုတော့ လိုအပ်သလို ဝယ်ယူ အသုံးပြုရမှာ ဖြစ်တယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အခမဲ့ ချပေးသွားမည့် Sim Card များသည် 2G  အမျိုးအစားဖြစ်ပြီး အင်တာနက် အသုံးပြုမူမှာ Wi-Fi ရရှိသည့် နေရာများ၌ အခမဲ့ အသုံးပြုနိုင်ရေး စီစဉ်ထားကြောင်းကိုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

 ပြည်ပနိုင်ငံများမှ ဆီးဂိမ်းစ်လာရောက် ကြည့်ရှုသူများအတွက် ၁ လ အသုံးပြုနိုင်မည့် Sim Card များကိုလည်း ရောင်းချသွားရန်အတွက် စီစဉ်ထားသည်ဟု သိရသည်။ “ဆီးဂိမ်းက ကစားသမားတွေနဲ့ လာရောက် လည်ပတ်ကြသူတွေအတွက် အခုလို စီစဉ်ပေးတာ ကောင်းတယ်။ ဘယ်နေရာမှာ ကတည်းက စပေးမှာလဲ ဆိုတာမျိုး စဉ်းစားသင့်တယ်။ အဲဒီသုံးလခံနဲ့ တစ်လခံ ဆင်းကတ်တွေကို လေဆိပ်မှာကတည်းက စပေးမှာလား၊ ဟိုတယ်ရောက်မှ ဝယ်ရမှာလား၊ ပေးဝေမယ့် နေရာတွေလည်း အရေးကြီးတယ်” ဟု ကမာရွတ်မြို့နယ် နေသူ တစ်ဦးက ၎င်းအမြင်ကို ပြောသည်။

 မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ငွေဆောင်၌ ကစားနည်း ၃၃ မျိုးအား နေရာခွဲ၍ လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

                                                                              ခေတ်လူငယ်


 

0 Comment Box:

Post a Comment


 

Comment Box

Followers