Monday, October 7, 2013

အထက်မြန်မာပြည် သင်္ဘောကျင်းမှ ရေများကာလအတွင်း ရေယာဉ် ခုနစ်စင်း ရေချစမ်းသပ်နိုင်ခဲ့

 

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံ မြို့နယ်ရှိ ရေကြောင်းပို့ဆောင်ရေး (အထက်မြန်မာပြည်)သင်္ဘောကျင်းမှ ယခုနှစ် ရေများကာလအတွင်း ရေယာဉ်
ခုနစ်စီး ရေချစမ်းသပ် နိုင်ခဲ့ကြောင်း သိရသည်။

ရေကြောင်းပို့ဆောင်ရေး (အထက်မြန်မာပြည်)သင်္ဘောကျင်း အနေဖြင့် ဧရာဝတီမြစ်ရေ ကျချိန်တွင် အသစ်တည်ဆောက်ခြင်းနှင့် အဟောင်းပြုပြင်
မည့် ရေယာဉ်များကို ကမ်းတင်ခြင်းများ ဆောင်ရွက်ပြီး မြစ်ရေများချိန် ကာလတွင် ရေယာဉ်များကို ရေချစမ်းသပ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

"ဒီနှစ်ရေများ ကာလမှာ စုစုပေါင်း ရေယာဉ်ခုနစ်စင်း ရေချစမ်းသပ် ပေးနိုင်ခဲ့
တယ်။ အတင်အချ လုပ်ပေးတဲ့ ရေယာဉ်တွေထဲမှာ နိုင်ငံပိုင် ရေယာဉ်တွေ ပါသလို ပုဂ္ဂလိက ရေယာဉ်တွေလည်း ပါတယ်။ အခုနောက်ပိုင်း ရေယာဉ်
အသစ် တည်ဆောက်မှုထက် ရေယာဉ်အဟောင်းတွေ ပြုပြင်ပေးရမှု ပိုများတယ်" ဟု မန္တလေးတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရေကြောင်းပို့ဆောင်ရေး (အထက်မြန်မာပြည်)သင်္ဘောကျင်းမှ ယခုနှစ်
ရေများကာလအတွင်း ရေချစမ်းသပ်ပေးမှုတွင် အလျား ၂၀၀ ပေ၊ အနံ ၅၀ ပေနှင့် အနက် ၁၀ ပေရှိ စက်မဲ့တွဲ ရေယာဉ်များ၊ အလျား ၃၇ ပေ၊ အနံငါးပေနှင့် အနက်နှစ်ပေခွဲရှိ ရေလမ်းပြရေယာဉ်များ အပါအ၀င် အလျား ၁၀၇ ပေ၊ အနံ ၂၃ ပေနှင့် အနက်ခုနစ်ပေခွဲရှိ တွန်းသင်္ဘောများ ပါဝင်ကြောင်း သိရသည်။

မန္တလေးမြို့၌ ဧရာဝတီမြစ် ဆိပ်ကမ်းအရှေ့ဘက်တွင် ရတနာပုံ သင်္ဘောကျင်းနှင့် ရေကြောင်းပို့ဆောင်ရေး (အထက်မြန်မာပြည်) သင်္ဘောကျင်း နှစ်ကျင်းရှိကြောင်း၊ မြစ်အနောက်ဘက်ကမ်းရှိ မင်းကွန်းဒေသတွင် မြန်မာ့သစ်လုပ်ငန်းပိုင် သင်္ဘောကျင်းနှင့် ပုဂ္ဂလိက သင်္ဘောကျင်း လုပ်ငန်းများ တည်ရှိကြောင်း သိရသည်။

ရေကြောင်းပို့ဆောင်ရေး (အထက်မြန်မာပြည်)သင်္ဘောကျင်းမှ ရေယာဉ်များ ကြံခိုင်မှု ရှိ၊ မရှိ စစ်ဆေးနိုင်ရန် ကမ်းတင်၊ ကမ်းချ ပြုလုပ်ပေးခြင်းနှင့် အဟောင်းပြင် အသစ်တည်ဆောက်ခြင်းများကို စိစစ်ဆောင်ရွက်
ပေးခြင်းအပြင် ပုဂ္ဂလိက သင်္ဘောကျင်း လုပ်ငန်းများကို မြေနေရာ ချထားပေးခြင်းနှင့် လျှပ်စစ်မီး သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက် ပေးရကြောင်း သိရသည်။

                                                                               Eleven Media Group



0 Comment Box:

Post a Comment


 

Comment Box

Followers