Wednesday, October 2, 2013

အောင်သစ္စာ ခရီးသည်တင်ယာဉ် ကျောက်ဖြူမြို့အထွက်၌ သစ်ပင်ဝင်တိုက် ခရီးသည် ၁၉ဦး ဒဏ်ရာရ

 
ကျောက်ဖြူ-ရန်ကုန်ပုံမှန်ပြေးဆွဲပေးနေသည့် အောင်သစ္စာ ခရီးသည်တင်မှန်လုံ(Express)ကားတစ်စီးမှာ ယနေ့ နံနက်၅နာရီ မိနစ် ၄၀ခန့်က ကျောက်ဖြူမြို့မှအထွက် လေးဖာလုံခန့်အကွာ၌ အချိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်ကိုအရှိန်ပြင်းပြင်းဖြင့် ၀င်တိုက်မှုကြောင့် ကားပေါ်၌ စီးနင်းလိုက်ပါလာသည့် ခရီးသည်အားလုံးဒဏ်ရာ အသီးသီးရရှိခဲ့ကြသည်ဟု ကျောက်ဖြူ ရဲစခန်းမှဆေးစစ်ဆေးချက်မှတ်တမ်းများအရ သိရှိရသည်။

အဆိုပါခရီးသည်တင်ယာဉ်၌ ယာဉ်မောင်းနှစ်ဦး၊ ယာဉ်နောက်လိုက်နှစ်ဦးအပါအ၀င် စုစုပေါင်း(၂၂)ဦး စီးနင်းလိုက်ပါ ခဲ့သည်ဟု သိရသည်။

 ဒဏ်ရာရရှိသူအားလုံးကို ကျောက်ဖြူပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းသယ်ယူ၍ အတွင်းလူနာများအနေဖြင့် ဆေးကုသမှု ပေးလျက်ရှိကြောင်း ကျောက်ဖြူပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း သူနာပြုဆရာမတစ်ဦးက စက်တင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းက ပြောကြားသည်။

“လူနာက အားလုံး(၁၉)ယောက်ပါ။ နောက်(၃)ယောက်က ဒဏ်ရာက သိပ်မပြင်းပါဘူး။ အဲဒီ(၁၉)ဦးထဲက လက်ကျိုး၊ ခေါင်းကွဲ ဒဏ်ရာရသူတွေက ပြင်းထန်တယ်လို့ ပြောရပေမယ့် အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မဟုတ်ပါဘူး” ဟု သူနာပြု ဆရာမက ပြောသည်။

ထိုသို့ဖြစ်ပွားစဉ် အရန်ကားဒရိုင်ဘာတစ်ဦးနှင့်နောက်လိုက်နှစ်ဦးမှာလည်း ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေရပြီး ယာဉ်မောင်းမှာမူ လတ်တလော ရဲသတင်းအရ ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်ကြောင်း သိရသည်။

“ ကားက လမ်းဘေးကျသွားတာကိုတော့ သိလိုက်တယ်။ နောက်ဘာဆို ဘာမှမသိလိုက်ဘူး။ သတိရလာတဲ့ခါ ဆေးရုံမှာ ရောက်နေပြီ။ ခန္ဓာကိုယ်မှာလည်း သွေးတွေနဲ့” ဟု ကျောက်ဖြူပြည်သူ့ဆေးရုံကြီးမှ လူနာရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

                                                                                        Myit Ma Kha Media Group.

0 Comment Box:

Post a Comment


 

Comment Box

Followers