Thursday, October 3, 2013

တရုတ်တွင် ပျားတူကောင်များကြောင့် လူ ၄၁ ဦး သေဆုံး

 
ပျားဒူ(ပဒူ) ကောင်များ တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံတွင် အသေအပျောက် ပမာဏ (၄၁) ဦးထိ မြင့်တက်လာကြောင်း သိရသည်။အုံနှင့်ကျင်းနှင့် စုဖွဲ့ပျံသန်းလာသည့် ပျားတူကောင်များ၏ ရန်လိုမှုကြောင့် တရုတ်အလယ်ပိုင်း ဒေသတစ်ခုတွင် အသေအပျောက်နှင့် ဒဏ်ရာရသူ အရေအတွက်မှာ စိုးရိမ်စရာ ကောင်းလောက်အောင် တိုးပွားလာခဲ့သည်။ ပျားတူကောင်များ ကိုက်ခဲမှုကြောင့် အသက်ဘေးမှ လွတ်ခဲ့သည့်တိုင် ဒဏ်ရာဒဏ်ချက်များ ရရှိခဲ့သူ အရေအတွက်မှာလည်း (၁၆၀၀) ကျော်သွားပြီ ဖြစ်သည်။ ဇူလိုင်လ ကတည်းက ရှန်ဇီးတွင် ပျားတူကောင်များ၏ ရန်ပြုမှုများ ကြုံနေရခြင်း ဖြစ်သည်။ယခုရာသီမှာ ၄င်းတို့ မိတ်လိုက်ပေါက်ဖွားသော အချိန်မျိုးဖြစ်ပြီး သာမန်ထက် ကြမ်းကြုတ်ရန်လိုနေတက်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ကြာသပဒေးနေ့ထိ စာရင်းများအရ ပျားတူများ လက်ချက်ကြောင့် ဇူလိုင်လ ကတည်းက ရှန်ဇီးတွင် လူ (၄၁) ဦး သေဆုံးကာ (၁၆၇၅) ဦး ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။ လူနာ (၃၇) ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရလောက်သည်အထိ ဆိုးရွားပြင်းထန်သော အခြေအနေမျိုး ကြုံနေရသည်။ နွေရာသီနှင့် ဆောင်းရာသီ အစောပိုင်းများတွင် ကြီးမားသော ပျားတူကောင်များသည်
စာသင်ကျောင်းများထဲ ၀င်လာကာ ကလေးများကို တိုက်ခိုက်ကြသလို လယ်ကွင်းများထဲတွင်လည်း လယ်သမားများကို ရန်ပြုခဲ့ကြသည်။

စိုက်ခင်းကို စစ်ဆေးနေစဉ် ပျားတူကောင်များ တိုက်ခိုက်မှုကို ကြုံရသည့် မူကွန်ဟွီက
“ သိပ်ကြောက်ဖို့ကောင်းပါတယ်။ ကျွန်မရဲ့ ခေါင်းညာဘက်ခြမ်းကို ၀င်တုပ်တယ်။ ကျွန်မခြေထောက်တွေလည်း အတုပ်ခံရတယ်။ ကျွန်မ အရမ်းနာကျင်သွားပြီး
လှုပ်တောင်မလှုပ်နိုင်တော့ဘူး အခုဆိုရင် ကျွန်မခြေထောက်မှာ တုပ်ရာ အပေါက်ကြီးတွေ အများကြီး ကျန်နေတယ်” ဟု ပြောကြားခဲ့သည်။

 သူမသည် (၂) လခွဲ ကြာမြင့်သည်အထိ ဆေးရုံမှ မဆင်းနိုင်သေးချေ။ အစိုးရ၏ ကျွမ်းကျင်ပညာရှင်များက
ယခုပျားတူကောင်များသည် အာရှ ပျားတူကြီးမျိုးခေါ် ကမ္ဘာ့အကြီးဆုံး ပျားတူမျိုးနွယ်များ ဖြေစ်ကြောင်း
ပြောဆိုထားသည်။ သိပ္ပံအမည် Vespa Mandarinia ဟု ခေါ်ဝေါ်သည့် ယင်းပျား မျိုးတူသည် အဆိပ်ပြင်းထန်ပြီး
ခန္ဓာကိုယ် အရွယ်အစား (၃.၅) စင်တီမီတာမှ (၃.၉) စင်တီမီတာခန့်ထိ ကြီးထွားလေ့ ရှိကြောင်းလည်း သိရှိရသည်။

                                                                                Planet Myanmar Network


0 Comment Box:

Post a Comment


 

Comment Box

Followers