Thursday, October 10, 2013

သားမင်္ဂလာပွဲ ကြွားကြွားဝါဝါ ကျင်းပပေးသည့်ဖခင် တာဝန်မှ ဖယ်ရှားခံရ

 http://www.khitlunge.org.mm/UploadImages/villag.jpg
တရုတ်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂၆၀၀၀၀ နှင့် ညီမျှသော ယွမ်ငွေ ၁ ဒသမ ၆ သန်း အကုန်အကျခံကာ သားဖြစ်သူ၏ မင်္ဂလာလက်ထပ်ပွဲကို ကြွားကြွားဝါဝါ ကျင်းပပေးသည့်အတွက် ကျေးရွာတာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးအား တာဝန်မှ ဖယ်ရှားလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။ 

အဆိုပါ မင်္ဂလာပွဲမှာ သုံးရက်ကြာ ကျင်းပခြင်းဖြစ်ပြီး ကြွရောက်လာကြသည့် ဧည့်သည်တော်များအား ဇိမ်ခံကားကြီးများဖြင့် အပို့အကြို ပြုလုပ်ခဲ့သည့်အပြင် နာမည်ကျော် အနုပညာရှင်များဖြင့် ဖြေဖျော်ခဲ့သည်။

 ပေကျင်းမြို့စွန်ရှိ ကျေးရွာတစ်ရွာ၏ ဒုတိယ အကြီးအကဲဖြစ်သော မင်္ဂလာပွဲ ကျင်းပပေးသူ ဖခင် မာလင်ကျန်းက မင်္ဂလာပွဲ၏ ကုန်ကျစရိတ်အများအပြားကို သတို့သမီး၏ မိဘများက ကျခံခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ပြည်သူလူထု၏ ခေါင်းထဲ၌ အမြင်မကြည်လင်မှု ဖြစ်ပေါ်နေစဉ် ချမ်းသာကြွယ်ဝမှုကို ဂုဏ်ဖော်သည့် လုပ်ရပ်များ မပြုလုပ်ကြရန် တာဝန်ရှိသူအားလုံးအား တရုတ်ခေါင်းဆောင်ပိုင်းက သတိပေးထားပြီးဖြစ်သည်။

 ပကာသနဖက်၍ ငွေဖြုန်းတီးသော ယင်းမင်္ဂလာပွဲကို လွန်ခဲ့သည့် သီတင်းပတ်အတွင်း တရားဝင် ရုံးပိတ်ရက်တစ်ရက်၌ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ပေကျင်းနျူးစ်က ဖော်ပြသည်။ မာလင်ကျန်း၏ ရွာတည်ရှိရာ ကာအိုယန်ခရိုင်၏ ကွန်မြူနစ်ပါတီ စည်းကမ်းထိန်းသိမ်းရေးကော်မရှင်က ၄င်းကို တာဝန်မှ ရပ်စဲခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။

 အဂတိ လိုက်စားမှု ကြီးထွားလျက်ရှိသည့် တရုတ်နိုင်ငံတွင် ထိပ်ပိုင်းပုဂ္ဂိုလ်များ၏ မိသားစုများ၌ ဤကဲ့သို့သော မင်္ဂလာပွဲများ ကျင်းပသည့်အခါ ယင်းမင်္ဂလာပွဲသည် မင်္ဂလာလက်ဖွဲ့အသွင်ဖြင့် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ရာ အခမ်းအနားသဖွယ် ဖြစ်သွားသည်ဟု ဆိုကြသည်။ ကျေးရွာ ဒုတိယအကြီးအကဲတစ်ဦးအနေဖြင့် ဤမျှ များပြားသော ငွေများကို မည်ကဲ့သို့ သုံးစွဲနိုင်သနည်း၊ နောက်ကွယ်တွင် အကြံအဖန်များရှိရမည်ဟု တရုတ်အွန်လိုင်း ဇိုင်ဘိုတွင် ရေးသားထားသည်။ 

                                                                                        (ဘီဘီစီ)
                                                                                        ခေတ်လူငယ်



 

0 Comment Box:

Post a Comment


 

Comment Box

Followers