Friday, October 18, 2013

ပြည်မြို့တွင် အိမ်ဖော်အမျိုးသမီးငယ်တစ်ဦး ဆွဲကြိုးချသေဆုံး

 
 
အောက်တိုဘာလ ၁၆ ရက်က ပြည်မြို့နယ် အောင်ဆန်း ပြည်သာယာရပ်ကွက် အပိုင်း(၃-၂)လမ်းရှိ ဦးကြည်လှိုင်၏
နေအိမ်တွင် အိမ်ဖော်လုပ်နေသူ မရီရီစိုး အသက် (၁၈) နှစ်သည် ဆွဲကြိုးချသေဆုံးခဲ့ကြောင်း အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ဆိုသည်။

မရီရီစိုးမှာပေါင်းတည်မြို့သဲမဲကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ယခုနေထိုင်ရာ အိမ်တွင် အိမ်ဖော်လုပ်နေသည်မှာ ခြောက်လခန့်ရှိပြီဖြစ်ကြောင်း အိမ်ရှင်မှ ၎င်းအားကားဂိုထောင်ထဲတွင် ကုတင်တစ်လုံးဖြင့် နေစရာပေးထားကြောင်း
ပြည်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဆိုသည်။

ထိုနေ့ညနေ ၃ နာရီကျော်တွင် အိမ်ပိုင်ရှင်လင်မယားမှ ဆေးခန်းသို့သွားသည့်အချိန်တွင် မရီရီစိုးမှာ နေမကောင်း၍ ကျန်ခဲ့ကြောင်း ဆေးခန်းမှပြန်လာပြီး ကားဂိုဒေါင် တံခါးအားဖွင့်လိုက်သည့်အချိန်တွင် မရီရီစိုးမှာ ၎င်းနေထိုင်ရာ ကားဂိုဒေါင်အတွင်း ထုတ်တန်းမှ
ကြိုးတန်းလန်းတွဲလျှက် တွေ့ရသဖြင့် အိမ်ပိုင်ရှင်မှ ရပ်ကွက်ရုံးသို့ ဆက်သွယ် အကြောင်းကြားခဲ့သည်။

“အိမ်ရှင်ပြန်လာတဲ့အချိန်ကိုတော့မသိဘူး။ ကျွန်တော်တို့ဆီ သတင်းပေးပို့တာတော့ ခြောက်နာရီလောက်ကပါ။ သေပြီလားလို့ မေးတော့ မကိုင်ရဲလို့ ကိုင်မကြည့်ခဲ့ဘူးလို့ ပြောတယ်” ဟု ပြည်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးက ဆိုသည်။

ရဲနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ သွားရောက်စစ်ဆေးစဉ် မရီရီစိုးမှာ ပြင်ပဒဏ်ရာ မတွေ့ရဘဲ လည်ပင်းကြိုးကွင်းစွပ် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရပြီးအလောင်းအား သက်သေများရှေ့တွင် ဖြုတ်ယူကာ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်စစ်ဆေးစေခဲ့သည် ဟု အမှတ် (၃) ရဲစခန်းက ဆိုသည်။

အလောင်းကို ညနေ (၅) နာရီကျော်တွင် စတင်တွေ့ရှိသည်ဟု ခန့်မှန်းရပြီး သေဆုံးသည့်အချိန်နှင့် သေဆုံးရခြင်း အကြောင်းအရင်းကို မသိရှိသေးကြောင်း အမှတ်(၃) ရဲစခန်းမှ ဒု-ရဲအုပ်ဇော်လွင်ထွန်းက မဇ္ဈိမကို ပြောကြားသည်။

အကြောင်းအရာနှင့် ပတ်သတ်၍ ပြည်မြို့ အမှတ် (၃) ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ်၈/၂၀၁၃ ဖွင့်လှစ် ဆောင်ရွက်ထားရှိပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိကြောင်း အမှတ်(၃) ရဲစခန်းမှ သိရပါသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ပြောဆိုချက်အရ သေဆုံးသူ အိမ်ဖော်သည် အသက် (၁၅)နှစ်ခန့်ရှိသည်ဟု သိရသော်လည်း ရဲမှတ်တမ်းတွင် အသက်(၁၈)နှစ်ဟု ရေးသားထားကြောင်း သိရပါသည်။
 
                                                                                                မဇ္ဈိမသတင်းဌာန
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers