Thursday, October 17, 2013

FIFAစည်းမျဉ်းကို FAပြောင်းလဲနိုင်လျှင် အင်္ဂလန်လက်ရွေးစင်အဖြစ် ခံယူရန် ဂျနူဇက်ဂ်ျ အသင့်ရှိနေ

 

အကယ်၍ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)ကသာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၏ စည်းမျဉ်းသတ်မှတ်ချက်ကို ခြွင်းချက်ထား ခွင့်ပြုမှုတစ်ခု ရရှိလာအောင် ဆွဲဆောင်နိုင်လျှင် အက်ဒ်နန် ဂျနူဇက်ဂ်ျ အနေဖြင့် အင်္ဂလန် လက်ရွေးစင်အဖြစ် ခံယူရန် အသင့်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဘယ်လ်ဂျီယံတွင် မွေးဖွားပြီး မိဘဘိုးဘွား ဆက်နွယ်မှုအရ ကိုဆိုဗို၊ တူရကီ၊ ခရိုအေးရှား၊ ဆာဘီးယား၊ အယ်လ်ဘေးနီးယား အသင်းများကိုပါ လက်ရွေးစင် ကိုယ်စားပြုခွင့် ရထားသော မန်ချက်စတာ ယူနိုက်တက် တက်သစ်စ ကစားသမားလေးကို အင်္ဂလန်အတွက် ကိုယ်စားပြုစေလိုကြောင်း FAက အတည်ပြုထားသည်။ သို့သော်လည်း FIFA၏ စည်းမျဉ်းသတ်မှတ်ချက်တွင် ကစားသမား တစ်ဦးသည် အသက်(၁၈)နှစ် ပြည့်ပြီးချိန်၌ နိုင်ငံတစ်ခုရှိ ကလပ်အသင်းများ၌ (၅)နှစ်ကြာ ကစားဖူးမှ ယင်းနိုင်ငံအသင်း လက်ရွေးစင်အဖြစ် ပါဝင်နိုင်မည်ဟု အတိအလင်း ဖော်ပြထားသည်။

ဂျနူဇက်ဂ်ျသည် ယခုမှ အသက်(၁၈)နှစ်သာ ရှိသေးရာ FIFA စည်းမျဉ်းအရ နောက်ထပ် (၅)နှစ်ကြာမှ အင်္ဂလန်ကို ကိုယ်စားပြုနိုင်မည့် သဘောမျိုး ဖြစ်နေသည်။ ၎င်းသည် ယူနိုက်တက်တွင် (၂)နှစ်ကြာ ကစားထားပြီး ဖြစ်သော်လည်း အသက်(၁၈)နှစ် မပြည့်မီ ကာလများ ဖြစ်နေခြင်းကြောင့် FIFAစည်းမျဉ်းတွင် အကျုံးမဝင်သေးချေ။ FAသည် FIFA၏ နိုင်ငံသား ခံယူခွင့် စည်းမျဉ်းကိစ္စကို ပြောင်းလဲရန် ကြိုးစားဖွယ် ရှိနေပြီး အကယ်၍ ယင်းကိစ္စ အောင်မြင်ပါက ဂျနူဇက်ဂ်ျကလည်း FA၏ ကမ်းလှမ်းမှုကို လက်ခံမည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ဂျနူဇက်ဂ်ျ၏ မိသားစုသည် ယင်းကိစ္စကို အတည်ပြုပြီးဖြစ်ကြောင်း Daily Mailက ဖော်ပြခဲ့သော်လည်း ကာယကံရှင် ကိုယ်တိုင်က လူသိရှင်ကြား မှတ်ချက်ပေးမှုမျိုး မရှိသေးချေ။ ဂျနူဇက်ဂ်ျသည် အသက်(၁၆)နှစ် အရွယ်က ဘယ်လ်ဂျီယံကလပ် အန်းဒါးလက်ခ်ျမှ ယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ပါရမီ ပြည့်ဝသော ခြေစွမ်းကြောင့် လက်ရွေးစင် ခံယူရန် နိုင်ငံအများအပြားက အပြိုင်ကြိုးပမ်း ချဉ်းကပ်နေခြင်း ဖြစ်သည်။


                                                                                            Soccer Myanmar

0 Comment Box:

Post a Comment


 

Comment Box

Followers