Monday, October 7, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ကျပ်သိန်းပေါင်း သုံးသောင်းကျော် ပေးလျော်ပြီးဟုဆို

 
 
မုံရွာ၊ အောက်တိုဘာ ၆

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း မြေယာလျော်ကြေး ဧကပေါင်း သုံးထောင်ကျော်အတွက် ၂၀၁၃ ခုနှစ် မတ်လ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ငွေကျပ် သိန်းပေါင်းသုံးသောင်းကျော်ထိ ပေးလျော်ပြီး ဖြစ်ကြောင်း လက်ပံတောင်းတောင် စီမံကိန်း မြေယာလျော်ကြေး ပေးလျော်ရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်ပြီး မတ်လ ၁၆ ရက်နေ့မှ ရက်ပေါင်း နှစ်ရာနီးပါး ထိ မြေယာလျော်ကြေး ထုတ်ပေးမှုတွင် ရာခိုင်နှုန်းအားဖြင့် ၅၁ ဒသမ ၅၈ရာခိုင်နှုန်း ပေးလျော်ပြီး ဖြစ်ပြီး၊ ပေးလျော်ရမည့်မြေဧက စုစုပေါင်းမှာ ၆၄၉၀ ဒသမ ၈၈ ဧက ဖြစ်ကာ၊ ဧက ၃၃၄၈ ဒသမ ၆၀ ဧကသာ မြေလျော်ကြေး ထုတ်ယူခဲ့ကာ တန်ဖိုးအားဖြင့် ၃၄၅၅၂ ဒသမ ၇၄ သိန်းပေးလျော်ပြီး ဖြစ်ကြောင်း မြေယာလျော်ကြေး ထုတ်ပေးသည့် စာရင်းများအရ သိရသည်။
“မြေယာလျော်ကြေး ပေးချေမှုမှလည်း ရက်သတ်မှတ်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား ထုတ်ရမယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်တာတွေက ဒေသခံတွေကို အမိန့်ပေးသလို ဖြစ်နေတယ် အဲလိုမဖြစ်သင့်ဘူး” ဟု လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံ တစ်ဦးက ဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့ မုံရွာ တစ်ဖက်ကမ်း ညောင်ပင်ကြီးမြို့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာ့စီးပွားရေးဦးပိုင်မှ တာဝန်ရှိသူများ၊ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် စီမံကိန်း ဒေသခံအချို့ တွေ့ဆုံရာတွင် လက်ပံတောင်း တောင်အရေး တက်ကြွစွာ လှုပ်ရှားခဲ့သူများက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ပေးလျော်ရမည့် မြေယာလျော်ကြေး ကိစ္စများ မပြီးမချင်း စီမံကိန်းအား ရပ်ဆိုင်းထားရန် ပြောကြားခဲ့သည်။

မြေယာလျော်ကြေး နောက်ဆုံး ထုတ်ယူရမည့်ရက်အား စက်တင်ဘာလ ၃၀ ရက်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် မြေယာလျော်ကြေးများ ထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း လက်ပံတောင်းတောင် ဒေသခံများ၏ အခက်အခဲများအား ဖြေရှင်းပေးရန် ဖွဲ့စည်းထားသည့် ဆက်ဆံရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

လက်ပံတောင်း ဒေသစီမံကိန်းကြောင့် နစ်နာသည့် မြေယာများ အတွက် မြေလျော်ကြေးများအား စက်တင်ဘာလ ၃၀ ရက်နေ့တွင် နောက်ဆုံးထား ထုတ်ယူကြရန်ဟူသည့် ကြေညာချက်ကို စက်တင်ဘာလအတွင်း ထုတ်ဝေသည့် သတင်းစာများ၌ ထည့်သွင်း ဖော်ပြခဲ့သည်။

မိမိတို့ တောင်သူများသည် သားစဉ်မြေးဆက် လုပ်ကိုင်စားသောက်ရမည့် ယာမြေကို စွန့်လွှတ်ပြီး လျော်ကြေးငွေကို လက်ခံသွားမည် မဟုတ်ဘဲ စီမံကိန်း ရပ်ဆိုင်းရေးကိုသာ အစဉ်တစိုက် တောင်းဆို သွားမည် ဖြစ်ကြောင်း၊ အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြမှုများ ထပ်မံပြုလုပ်ခဲ့ကြောင်း လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်မြေအတွင်းရှိ တုံရွာနှင့် ဆည်တည်းကျေးရွာ ဒေသခံများက ပြောကြားသည်။
 
                                                                                             The Voice Weekly
 
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers