Thursday, October 17, 2013

အငြင်းပွားနေတဲ့ မြေယာတွေ လျော်ကြေး တိုးမြှင့်ပေးမယ်လို့ဆို

 လက်ပံတောင်းတောင်အနီးက လယ်သမားနဲ့ရဲတွေကြားပဋိပက္ခဖြစ်ပွား
 လက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းကို ဆန္ဒပြခဲ့ကြတဲ့ဒေသခံပြည်သူတွေ

လက်ပံတောင်းတောင် ​ဒေသမှာ ​အငြင်းပွားနေတဲ့ ​သိမ်းဆည်းမြေယာတွေကို ​လျော်ကြေးငွေ ​တိုးမြှင့် ​ပေးမယ်လို့ ​လက်ပံတောင်းတောင် ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်ရဲ့ ​အစီရင်ခံစာ ​အကောင်အထည်ဖော်ရေး ​လုပ်ငန်းကော်မတီက ​ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာလ ​၁၅ ​ရက်နေ့တုန်းက ​လက်ပံတောင်းတောင် ​ဒေသက ​ကျေးရွာပေါင်း ​၂၀ ​ကျော်နဲ့ ​လုပ်ငန်းကော်မတီတို့ ​တွေ့ဆုံတဲ့အခါမှာ ​ပြောလိုက်တာ ​ဖြစ်ပါတယ်။
လုပ်ငန်းကော်မတီ ​ဥက္ကဌ ​ပြည်ထောင်စုဝန်ကြီး ​ဦးလှထွန်းအနေနဲ့ ​အငြင်းပွားနေတဲ့ ​မြေယာတွေကို ​လျော်ကြေးတိုးမြှင့် ​ပေးမယ်လို့ ​ပြောခဲ့တဲ့အကြောင်း ​လက်ပံတောင်းတောင် ​အရေးတက်ကြွလှုပ်ရှားသူ ​ကိုဟန်ဝင်းအောင်က ​ယခုလိုပြောပါတယ်။

“လက်ပံတောင်းတောင် ​ဒေသမှာ ​ခုလိုမျိုး ​ဒီနေ့လူထု ​ဆန့်ကျင်မှုဟာ ​အရင်အစိုးရလက်ထက်က ​ပွင့်လင်းမြင်သာမှု ​မရှိဘဲနဲ့ ​လုပ်ခဲ့တဲ့အတွက် ​လူထုဆန့်ကျင်မှုကို ​အပြင်းအထန်ခံနေရတာ ​ဖြစ်ပါတယ်လို့ ​ဝန်ကြီးက ​ဝန်ခံသွားတယ်။ ​အဲဒီအတွက် ​လျော်ကြေးငွေ ​မယူသေးတဲ့ ​ဒီလေးပုံပုံ ​သုံးပုံလောက်ရှိတဲ့ဟာတွေနဲ့ ​ပက်သက်ပြီးတော့လည်း ​သင့်တဲ့လျော်ကြေးငွေ ​ပေးတဲ့ ​အဆင့်ထိကို ​ဖြစ်အောင် ​တိုးပေးနိုင်အောင်သူတို့ ​စဉ်းစားပါမယ်။ ​နောက်တစ်ကြိမ် ​စုံညီ ​အစည်းအဝေးပွဲကျရင် ​ဒါနဲ့ ​ပက်သက်လို့ ​အဖြေတစ်ခုရအောင် ​လုပ်ပေးပါမယ်ဆိုတဲ့ ​ဟာနဲ့ ​ပြောပြီးတော့ ​ပြီးဆုံးသွားတယ်”

လုပ်ငန်းကော်မတီအနေနဲ့ ​လက်ရှိ ​ဖြစ်ပွားနေတဲ့ ​သိမ်းဆည်း ​မြေယာတွေအပေါ်မှာ ​ခြံစည်းရိုးခတ်တာတွေ၊ ​စုံစမ်းစစ်ဆေးရေး ​အစီရင်ခံစာပါ ​သဘာဝ ​ပက်ဝန်းကျင် ​အသိအမှတ်ပြုလက်မှတ်ကိစ္စတွေကိုတော့ ​ဒေသခံတွေဘက်က ​မေးမြန်းခဲ့ပေမယ့် ​တိကျတဲ့အဖြေ ​မပြောခဲ့ဘူးလို့ ​ဆိုပါတယ်။

အခုလိုလုပ်ငန်းကော်မတီဘက်က ​မြေယာလျော်ကြေးတိုးမြှင့်ပေးပြီး ​ဒေသဖွံဖြိုးရေး ​လုပ်ငန်းတွေပြုလုပ်ပေးမယ်လို့ ​ပြောဆိုခဲ့ပေမယ့် ​ဒေသခံတွေဘက်ကတော့ ​ကြေးနီစီမံကိန်း ​ဖျက်သိမ်းဖို့ကိုဘဲ ​အဓိကတောင်းဆိုခဲ့တယ်လို့ ​တုံကျေးရွာအုပ်စုက ​ဒေသခံ ​မစန္ဒာက ​ပြောပါတယ်။

“သူတို့က ​ဒီလူမှုအကျိုးစီးပွားအနေနဲ့ ​စာသင်ကျောင်းတွေဆောက်ပေးမယ်။ ​လမ်းတွေဖောက်ပေးမယ်။ ​လျှပ်စစ်မီးတွေ ​လင်းအောင် ​လုပ်ပေးမယ် ​ဒီလောက်ဘဲ ​ပြောတယ်။ ​ကျွန်မတို့ဒေသခံတွေအနေနဲ့ ​ဒီဒေသဖွံ့ဖြိုးရေးဆိုတာ ​လယ်ယာမြေတွေကနေ ​ထွက်ရှိတဲ့ ​ဝင်ငွေကနေ ​လုပ်လို့ရတယ်။ ​နိုင်ငံတော်က ​ပေးမှမဟုတ်ဘူး။ ​ကျွန်မတို့ဒေသခံတွေက ​တကယ်တန်း ​ကြောက်ရွံ့တာက ​စီမံကိန်းကနေပြီးတော့ ​ဖြစ်ပေါ်လာမယ့် ​သဘာဝပါတ်ဝန်းကျင် ​ထိခိုက်မှုတွေကို ​ကံကုန်း၊ ​ဒုံးတောမှာ ​လက်တွေ့ ​နမူနာ ​ကြည့်ပြီးတော့ ​ကြောက်ရွံ့ ​လို့မို့သာလျှင် ​ကျွန်မတို့ ​ဒေသခံတွေက ​စီမံကိန်း ​ဖျတ်သိမ်းရေးကိုဘဲ ​အဓိက ​တောင်းဆိုတယ်။”

သူတို့အနေနဲ့လည်း ​သိမ်းဆည်းခံထားရတဲ့ ​မြေယာတွေ ​ပြန်လည်ရရှိဖို့ ​အတွက်ကို ​စစ်ကိုင်းတိုင်းအတွင်းက ​လွှတ်တော်ကိုယ်စားလှယ်တွေကို ​ဖိတ်ကြားပြီး ​တောင်းဆိုမှုတွေပြုလုပ်သွားဖို့ ​စီစဉ်ထားတယ်လို့ ​သိရပါတယ်။

အခုလို ​သိမ်းဆည်းထားတဲ့ ​မြေယာတွေအပေါ်မှာ ​အငြင်းပွားနေတဲ့ ​ကိစ္စနဲ့ ​ပက်သက်ပြီး ​လုပ်ငန်းကော်မတီအနေနဲ့တော့ ​စီမံကိန်း ​နယ်မြေ ​သတ်မှတ်ပြီးသားဖြစ်တဲ့အတွက် ​တည်ဆဲ ​ဥပဒေနဲ့ပဲ ​ဆက်လက်ဆောင်ရွက်သွားမှာ ​ဖြစ်တယ်လို့ ​လုပ်ငန်းကော်မတီရဲ့ ​အတွင်းရေးမှူး ​ဦးတင်မြင့်က ​ပြောပါတယ်။

“ဒီနယ်မြေကတော့ ​ကြေးနီစီမံကိန်း ​ဧရိယာကြီး ​ဖြစ်ပြီးသားပေါ့လေ။ ​တည်ဆဲဥပဒေတွေနဲ့အညီ ​သူက ​စီမံကိန်း ​နယ်မြေ ​သတ်မှတ်ပြီးသား ​ဖြစ်ပါတယ်။ ​စီမံကိန်းနယ်မြေဆိုတော့ ​အဲမှာ ​တည်ဆဲဥပဒေအရဘဲ ​ဆောင်ရွက်သွားမှာ ​ဖြစ်ပါတယ်။”

လုပ်ငန်းကော်မတီအနေနဲ့ ​အစီရင်ခံစာပါအတိုင်း ​သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုတွေအတွက် ​သစ်ပင်အစားထိုး ​ပြန်လည်စိုက်တာတွေပြုလုပ်နေပြီဖြစ်ပြီး ​ကြေးနီစီမံကိန်းက ​ရလာတဲ့ ​အမြတ်ငွေအချို့ကိုလည်း ​ဒေသဖွံဖြိုးရေးလုပ်ငန်းနဲ့ ​သဘာဝပါတ်ဝန်းကျင် ​ပြန်လည် ​ပြုပြင်ရေး ​လုပ်ငန်းတွေမှာ ​အသုံးပြုဖို့ ​စာချုပ်အသစ်ထဲမှာ ​ထည့်သွင်းချုပ်ဆိုထားတယ်လို့ ​ဆိုပါတယ်။
လက်ပံတောင်းတောင်မှာ ​အငြင်းပွားနေတဲ့ ​သိမ်းဆည်းမြေယာ ​၅၀ ​ရာခိုင်နှုန်းလောက်ရှိနေပြီး ​စီမံကိန်းစတင်ပြီဖြစ်တဲ့အတွက် ​အခြေခံ ​လုပ်ငန်းပြင်ဆင်မှုမှာ ​အငြင်းပွားနေတဲ့ ​လယ်ယာမြေတွေ ​ပျက်စီးတဲ့အတွက် ​ဒေသခံတွေနဲ့ ​လုပ်ငန်းရှင်တွေကြား ​အခြေအနေတင်းမာနေတာဖြစ်ပါတယ်။ ​ဒီသတင်းကို ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှ ​က ​သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

                                                                                  ABC Radio Australia



0 Comment Box:

Post a Comment


 

Comment Box

Followers