Thursday, October 3, 2013

ရဲတပ်ဖွဲ့ဝင်များမှ ရေနစ်သူကျောင်းသူ(၂)ဦးအား ဆယ်ယူကယ်တင်

 
၁-၁၀-၂၀၁၃ ရက်နေ့ ၁၃၃၀ အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဧရာဝတီမြစ်အတွင်းခုန်ချခဲ့သော လူနာအမျိုးသမီး(၂)ဦးရောက်ရှိကုသနေကြောင်း သတင်းအရ မြစ်ကြီးနားမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ 
စစ်ဆေးချက်အရ မြစ်ကြီးနားမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ န၀မတန်းကျောင်းသူများဖြစ်သည့် မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်နေ မစုစုတင်(၁၄)နှစ်နှင့် ရမ်ပူရပ်ကွက်နေ မမိုမိုခိုင်(၁၅)နှစ်တို့ (၂)ဦးအား ပြင်ပဒဏ်ရာများမတွေ့ရှိရဘဲ သတိလစ်လျက်တွေ့ရှိခဲ့ရသည်။

စုံစမ်းစစ်ဆေးချက်အရ ထိုနေ့ ၁၁၀၀ အချိန်ခန့်က မစုစုတင်၊ မမိုမိုခိုင်နှင့် တစ်ကျောင်း တည်းပညာသင်ကြားနေသည့် ယုဇနရပ်ကွက်နေ မစုမြတ်ဝေ(၁၅)နှစ်တို့(၃)ဦးသည် လပတ်စာမေးပွဲ ကျသဖြင့် ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးရန်ကြံစည်ခဲ့ကြောင်း၊ နေ့လယ်ကျောင်းဆင်းသည့် ၁၂၃၀ အချိန် ၎င်းင်းတို့(၃)ဦးသည် ကျောင်းမှကမ်းနားလမ်းအတိုင်းလမ်းလျှောက်လာခဲ့ကြောင်း၊ ၁၃၀၀ အချိန် ပြည်နယ်ဝန်ကြီးချုပ်နေအိမ်အနီး၊ ဧရာဝတီမြစ်ရေထိန်းနံရံရှိအုတ်လှေကားမှ မြစ်ကမ်းစပ်သို့ဆင်း၍ မစုစုတင်နှင့်မမိုမိုခိုင်တို့မှာ ဧရာဝတီမြစ်အတွင်းခုန်ချစဉ် အတူပါသူ မစုမြတ်ဝေမှ ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခံခဲ့ကြောင်း၊ အကူအညီတောင်းခံသံကြားလျှင်ကြားခြင်း ပြည်နယ် ၀န်ကြီးချုပ်၏နေအိမ်၌ လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်သား ရဲဝင်းနိုင်နှင့် ရဲတပ်သား ထက်နိုင်ဦး တို့(၂)ဦးမှကြားသိသဖြင့် ဧရာဝတီမြစ်အတွင်းခုန်ဆင်းကာ မစုစုတင်နှင့်မမိုမိုခိုင်တို့(၂)ဦးအား ပြန်လည်ဆယ်ယူခဲ့ကြောင်း၊ ၁၃၃၀ အချိန် ၀န်ကြီးချုပ်နေအိမ်ရှိရှေ့ပြေးယာဉ်ဖြင့် မြစ်ကြီးနားအထွေထွေ ရောဂါကုဆေးရုံကြီးသို့ပို့အပ်ခဲ့ကြောင်း၊ ၁၄၅၀ အချိန်တွင် မစုစုတင်နှင့်မမိုမိုခိုင် ၂ ဦး သတိပြန်လည် ရရှိခဲ့ပြီး အတွင်းလူနာအဖြစ် ဆေးဝါးကုသလျက်ရှိကြောင်း သတင်းရရှိသည်။
                                                                                                                            ရဲဇာနည်
 
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers