Wednesday, October 16, 2013

MoU စာချုပ်ဖြင့် ထိုင်းသို့သွားရောက်သည့် မြန်မာအလုပ်သမား ၈၀ ရာခိုင်နှုန်းခန့်မှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရ

 
 မြန်မာရွှေ့ပြောင်း အလုပ်သမား အများစု လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံရှိ ညဈေးတန်း တစ်ခုအား တွေ့ရစဉ်


MoU စာချုပ်ဖြင့် ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ အလုပ်အဆင်ပြေမှု မရှိကြောင်း ရန်ကုန်မြို့၊ ယုဒသန် ရိပ်သာတွင် ပြုလုပ်သည့် ရွှေ့ပြောင်းရေးရာနှင့် မီဒီယာ၏ အခန်းကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမား အခြေပြု အဖွဲ့အစည်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်မှ ကိုစိန်ဌေးက ဆိုသည်။

ထိုင်း-မြန်မာနှစ်နိုင်ငံ ချုပ်ဆိုထားသည့် နားလည်မှု စာချုပ်အရ ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်အလုပ် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် အလုပ်လုပ်ကိုင်မှု စာချုပ်တွင် ပါဝင်သည့် လုပ်ခလစာ၊ အလုပ်တည်နေရာ၊ အလုပ်အကိုင် အမျိုးအစားတို့ကို အမှန်တကယ် မခံစားရဘဲ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံနေရကြောင်း သိရသည်။

"အလုပ်သမားတွေဟာ တရားဝင် သွားကြတာ ဆိုပေမယ့် ရမယ့်လုပ်ခလစာ၊ ကိုယ်လုပ်ရမယ့် အလုပ်တွေက စာချုပ်အတိုင်း မဖြစ်တာ များတယ်။ တချို့ဆို အလုပ်သမားတွေကို အေဂျင်စီတွေကနေ ဟိုဘက်က အလုပ်မခေါ်ဘဲ ညာခေါ်သွားတာတွေ ရှိတယ်။ နောက်တစ်ခု ဆိုးတာက စနစ်နဲ့သွားတဲ့ သူတွေက အလုပ်ပြောင်းလို့ မရဘူး" ဟု ကိုစိန်ဌေးက ဆိုသည်။

"အလုပ်ရှင်နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး အလုပ်သမား ပို့နေတာ မဟုတ်ဘူး။ ပွဲစားနဲ့ အလုပ်လုပ်နေတာဆိုတော့ အလုပ်သမားတွေ ပြဿနာ တစ်စုံတစ်ခုဖြစ်ရင် မဖြေရှင်းပေးနိုင်ဘူး။ မဖြေရှင်းပေးလို့ အလုပ်သမားတွေက တိုင်တဲ့အခါမှာ နောက်မလုပ်တော့ပါဘူးဆိုပြီး ခံဝန်လက်မှတ် အခါ ၃၀ လောက် ထိုးနေတဲ့ အေဂျင်စီတွေ ရှိတယ်။ အလုပ်သမားတွေ ဆီကနေ ၀န်ဆောင်ခယူ၊ မမှန်မကန်တွေလုပ် လိုင်စင်အသိမ်းခံရလည်း ဘာဖြစ်လဲဆိုပြီး လုပ်နေတဲ့သူတွေ ရှိတယ်" ဟု ၎င်းကဆိုသည်။


                                                                               Eleven Media Group 

0 Comment Box:

Post a Comment


 

Comment Box

Followers