Monday, October 7, 2013

မိတ္ထီလာ ညမထွက်ရအမိန့် ဖောက်ဖျက်သည့် သစ်တောဦးစီး အရာရှိ နှစ်ဦးကို အရေးယူ

 
မိတ္ထီလာ၊ အောက်တိုဘာ ၆

ပဋိပက္ခ ဖြစ်စဉ်များကြောင့် ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားသည့် မိတ္ထီလာမြို့ရှိ ရန်မျိုးအောင် ရပ်ကွက်တွင် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁ နာရီခန့်က ထုတ်ပြန်ထားဆဲ ညမထွက်ရ အမိန့်ကို ဖောက်ဖျက်ကာ မော်တော်ယာဉ် မောင်းနှင်လာသော သစ်တောဦးစီးအရာရှိ နှစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချောက အတည်ပြု ပြောကြားသည်။

အောက်တိုဘာလ ၅ ရက် နံနက် ၁ နာရီခန့်က ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်ရှိ တော်ဝင်နန်းလမ်းဆုံ အနီးတွင် ရဲတပ်ရင်း ၁၄ ၏ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင်ရွက်နေစဉ် မန္တလေးလမ်းဘက်မှ မော်တော်ယာဉ်တစ်စီး မောင်းဝင်လာသဖြင့် ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ် ပါသူများမှာ မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာန၏ ဦးစီးအရာရှိ ဦးထွန်းအောင်လင်းနှင့် ဝမ်းတွင်းမြို့နယ် သစ်တောဦးစီးဌာန၏ ဦးစီးအရာရှိ ဦးစန်းယုတို့ ဖြစ်ကြပြီး မိတ္ထီလာမြို့အဝင် ပြည်သာယာရပ်ကွက်ရှိ ဆိုင်တစ်ဆိုင်တွင် ဘီယာသောက်လာခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးကို မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းတွင် (ပ) ရ၈၊ ၂၀၁၃ ပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သက်ဆိုင်ရာ အမှတ် (၂) ရဲစခန်းမှ သိရသည်။

ပဋိပက္ခ ဖြစ်စဉ်များကြောင့် မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ မလှိုင်မြို့များတွင် ပုဒ်မ ၁၄၄ ဖြင့် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲ ဖြစ်ကြောင်း အဆိုပါ ဒေသခံများထံမှ စုံစမ်းသိရသည်။
                                                                                                The Voice Weekly
 
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers