Thursday, October 10, 2013

ရွေးကောက်ပွဲကော်မရှင်မှ NLD CEC ဦးဉာဏ်ဝင်းအား တရားစွဲဆိုထားမှု တရားရုံးမှ ဒဏ်ငွေတစ်ထောင်ဖြင့် အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်

 
နေပြည်တော်၊ အောက်တိုဘာ ၉

၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွင်  ရွေးကောက်ပွဲ ကော်မရှင်မှ မဲစာရွက်များတွင် ဖယောင်း သုတ်လိမ်းထားမှုများ ရှိခဲ့ကြောင်း ထိုအချိန်က NLD ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ အတွင်းရေးမှူး အနေဖြင့် တာဝန်ယူ ထုတ်ပြန် ပြောကြားမှုများ ရှိခဲ့ခြင်းအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် ဦးဉာဏ်ဝင်းအား ၂၀၁၂ ခုနှစ် မေလအတွင်းတွင် တရားစွဲဆိုခြင်း ပြုလုပ်ခဲ့ရာ တရားရုံးမှ အမှုစတင် စစ်ဆေးပြီး-တစ်နှစ်ခွဲ အကြာတွင် ကော်မရှင်၏ တရားစွဲဆိုမှုကို အနိုင်ပေးလိုက်ကာ ဦးဉာဏ်ဝင်းအား ဒဏ်ငွေ တစ်ထောင် ချမှတ်ခြင်းဖြင့် အပြီးသတ် ဆုံးဖြတ်ချက်ကို  အောက်တိုဘာလ (၉)ရက်နေ့က အမိန့်ချမှတ် လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ ကာလက NLD ပါတီ ၀င်ရောက် ယှဉ်ပြိုင်သော နေရာ အချို့တွင်၊ အထူးသဖြင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် ယှဉ်ပြိုင်သည့် ကော့မှူး မဲဆန္ဒနယ် အပါအ၀င် ပုလဲ၊ မော်လမြိုင်၊ မြန်အောင်၊ မကွေး၊ တောင်တွင်းကြီး၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ ဒဂုံ ဆိပ်ကမ်း၊ ကလော (အောင်ပန်း) မဲဆန္ဒနယ်တို့တွင် မဲစာရွက်များပေါ်၌ ဖယောင်းသုတ်ခြင်းကို ပြုလုပ် ခဲ့ကြောင်း  ယင်းအတွက် အမြန်ဆုံး စုံစမ်း အရေးယူပေးရန် …ကြားဖြတ် ရွေးကောက်ပွဲ ပြီးစီးသည့် ရက်ပိုင်းတွင်ပင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ စာဖြင့် တောင်းဆိုမှု ပြုခဲ့သလို ပါတီမှ ထုတ်ပြန်ချက်လည်း ပြုလုပ်ခဲ့သည်။ ထို NLD ပါတီ၏ တောင်းဆို ထုတ်ပြန်ချက် အပေါ် ရွေးကောက်ပွဲ ကော်မရှင်မှ စုံစမ်း စစ်ဆေးပြီးသည်ဟု ဆိုသော်  ၂၀၁၂ ခုနှစ် မေလ ၈ရက်နေ့တွင် NLD ပါတီ၏ ပြောဆိုမှုများ သည် မှန်ကန်မှုမရှိကြောင်း နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ကြေညာမှု ပြုလုပ်ခဲ့သည်။

ထို့နောက် တောင်းဆို ထုတ်ပြန်ချက်များကို တာဝန်ယူ ဆောင်ရွက်သော ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး အထွေထွေအတွင်းရေးမှူး ဦးဉာဏ်ဝင်းကို ကော်မရှင်မှ တရားစွဲဆိုမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သလို တရားရုံး အနေဖြင့် ဤကဲ့သို့ တစ်နှစ်ခွဲ ကာလအကြာ ကြားနာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ အပြစ်ဒဏ် ချမှတ် ဆုံးဖြတ်မှုကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်နှင့် NLD ပါတီ CEC ဦးဉာဏ်ဝင်းတို့ အမှုကို ယခုကဲ့သို့ ကြားနာ စစ်ဆေးခဲ့သော ပုဗ္ဗသီရိမြို့နယ်သည် နေပြည်တော်ခရိုင် အတွင်းပါဝင်ပြီး ယင်းခရိုင် အတွင်းတွင် ရွေးကောက်ပွဲ ကော်မရှင်နှင့် ဦးဉာဏ်ဝင်းတို့ အမှုကိစ္စ မပေါ်ပေါက်မီ ကပင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များနှင့် ပတ်သက်၍ တရားစွဲဆို ထားမှုများ ရှိနေသော်လည်း တရားရုံးများမှ ယခုအချိန်ထိ ဆုံးဖြတ်ချက် တစ်စုံတရာ ချမှတ်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု စုံစမ်း သိရှိရခြင်း မရှိပေ။

ဦးဉာဏ်ဝင်းအပေါ် တရားရုံးမှ ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း အပေါ် NLD ပါတီမှ ကိုရာဇာက ““ဒီလို တရားရုံးက ဆုံးဖြတ်တော့ အရှက်ကွဲတာပေါ့။ အခုဟာက မမှန်တာပြောလို့ အပြစ်ရှိပါတယ် ဆိုတာကို ပြရုံပုံစံပဲ။ အပြစ်ရှိတယ်လို့ ရဲရဲဝံ့ဝံ့ အမိန့်ချနိုင်ရင်လည်း ထောင်ချလိုက်ပေါ့။ အခုတော့ ဒဏ်ငွေတစ်ထောင် တဲ့”” ဟု ပြောကြားသည်။
လင်းယုန်
မြန်မာသံတော်ဆင့်


 

0 Comment Box:

Post a Comment


 

Comment Box

Followers