Monday, October 14, 2013

ပြည်မြို့ရှိ မီးရထားပိုင်မြေ နေထိုင်သူများအား ဖယ်ရှားမည်

 
 ပြည်မြို့မီးရထားပိုင်မြေမှ အဆောက်အအုံများ ဓာတ်ပုံ - ဇော်မင်းထိုက်

ပြည်မြို့ရှိ မြန်မာ့မီးရထားစက်ခေါင်းစက်ရုံနယ်မြေရှိ ကျူးကျော်မိသားစုဝင်နေအိမ်များအား ဖယ်ရှားပေးရန် သက်ဆိုင်ရာ ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

““ပြည်စက်ခေါင်းစက်ရုံ နယ်မြေက ကျူးကျော်နေအိမ်တွေကို ဖယ်ရှားပေးဖို့ နို့တစ်စာပေးပို့ထားတာမှန်ပါတယ်။ မြန်မာ့မီးရထားပိုင်မြေအတွင်းရှိ ကျူးကျော်တာတွေကို ဖယ်ရှားတာပါ””ဟု မြန်မာ့မီးရထား ရန်ကုန်တိုင်းတာဝန်ခံ ဦးဇော်ဖေစိန်က ပြောသည်။

ကျူးကျော်မိသားစုဝင်အိမ်များ ဖယ်ရှားပေးရန် အကြောင်းကြားစာပေးပို့ခြင်းမှာ လေးကြိမ် ရှိပြီဖြစ်ကြောင်း၊ နောက်ဆုံးရ အကြောင်းကြားစာတွင် ဖယ်ရှားရမည့် နောက်ဆုံးရက်စွဲကို ဖော်ပြထားခြင်းမရှိသော်လည်း အောက်တိုဘာလအတွင်း ဖယ်ရှားပေးရမည်ဖြစ်ကြောင်း မီးရထားဝန်ထမ်းဟောင်းများ၏ ကျန်ရစ်သူမိသားစုဝင်များထံမှ သိရသည်။
““ဖယ်ရှားပေးရမယ့် အိမ်ခြေ ၂၁ လုံး ရှိတယ်။ အားလုံး မီးရထားဝန်ထမ်းဟောင်းတွေနဲ့ ဆက်နွှယ်တဲ့ မိသားစုဝင်တွေချည်းပဲ။ ကျွန်မအဖေဆို တွဲပြင်လုပ်သားအဖြစ် နှစ်သုံးဆယ်ကျော် တာဝန်ထမ်းလာတာ။ အဖေဆုံးသွားပြီးတဲ့နောက် ဒီနေရာမှာပဲနေပြီး အ၀တ်လျှော်အလုပ်နဲ့ ၀မ်းစာရေးကြောင်းနေရတယ်။ ဒီကလွဲပြီး ဘယ်မှသွားစရာမရှိ ဘူး””ဟု ဖယ်ရှားရန် အကြောင်းကြားစာရောက်ရှိနေသော နေအိမ်မှ မဇင်မာရွှေကပြောသည်။

ပြည်မြို့ စက်ခေါင်းစက်ရုံဝန်းကျင်ရှိ ကျူးကျော်မိသားစု နေအိမ်များအား ဖယ်ရှားပေးရန် အကြောင်းကြားစာများ ပို့ထားခြင်း နှင့် ပတ်သက်ပြီး ““မီးရထား စည်းမျဉ်းစည်းကမ်းဥပဒေအရ တာဝန်ထမ်းဆောင်ချိန်သာ မိသားစုတွေ ရောနေခွင့်ရှိပါတယ်။ ၀န်ထမ်းက ပင်စင်သွားရင် နေခွင့်မရှိတော့သလို ကွယ်လွန်သွားခဲ့ရင် ကျန်ရစ်တဲ့မိသားစုဝင်တွေ နေခွင့်မရှိပါဘူး။ အရင်တုန်းက အဲဒီနေရာတွေမှာ ၀န်ထမ်းတွေနေခဲ့တာမှန်ပေမယ့် အခုရှိနေတာ ၀န်ထမ်းတွေမဟုတ်တော့ဘူး။ ဒါကြောင့် ကျူးကျော်စာရင်းတွေ ရုံးချုပ်က ကောက်ခိုင်းတဲ့အတွက် ကောက်ပေးရတယ်။ ပြီးတော့ ဖယ်ရှားဖို့ကို အထက်က အကြောင်းကြားစာပို့တာပါ””ဟု မြန်မာ့မီးရထားပြည်စက်ခေါင်းစက်ရုံမှ အလုပ်ရုံမှူး(၁) ဦးသန်းဦးကပြောသည်။

““နေလာခဲ့တာလည်း နှစ်ပေါင်းသုံးဆယ်လောက်ရှိပြီ။ လောလောဆယ်ဖယ်ရမယ်ဆိုရင် ကလေးတွေကလည်း ကျောင်းတန်းလန်းတွေနဲ့ ဒုက္ခပါပဲ။ ဒီနေရာမှာ ဆက်နေချင်လို့ ပညာအရည်အချင်းလည်းမီ၊ ကျန်းမာရေးလည်းကောင်းတဲ့သားတွေကို မီးရထားမှာ အလုပ်လျှောက်တယ်။ မရခဲ့ပါဘူး။ မဖြစ်မနေဖယ်ရရင်တော့ မြစ်ရေကျတဲ့အချိန် သဲသောင်ခုံမှာ သွားနေရဖို့ပဲရှိတယ်””ဟု မီးရထားဝန်ထမ်းဟောင်းများ၏ မိသားစုဝင်များက ပြောသည်။

ပြည်မြို့၊ မီးရထားစက်ရုံ နယ်မြေအတွင်းတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော မီးရထားဝန်ထမ်းမိသားစုများလည်း နေထိုင်လျက်ရှိကြောင်း၊ ကျူးကျော်မိသားစုဝင်များအား ဖယ်ရှားရန် သြဂုတ် ၇ ရက် ရက်စွဲပါ အကြောင်းကြားစာတွင် စက်ရုံနယ်မြေအတွင်း ကျူးကျော်နေအိမ်များရှိနေခြင်းကြောင့် စက်ရုံ လုံခြုံမှုမရှိ၍ စက်ရုံဌာနဆိုင်ရာပစ္စည်းများ ပျောက်ဆုံးနိုင်ခြင်း၊ ကျူးကျော်နေအိမ်များမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး စက်ရုံ မီးဘေးလုံခြုံမှုကို စိုးရိမ်ရခြင်း၊ မသမာသူများနှင့် ဆက်စပ်လျက်  စက်ရုံအတွင်း ပေါက်ကွဲမှုများ ဖြစ်ပွားနိုင်ခြင်း၊ ဥပဒေနှင့် မလွတ်ကင်းသူများ ခိုအောင်းနိုင်ပြီး မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်ခြင်းတို့ကြောင့် ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်ဟု ဖယ်ရှားရမည့်နေအိမ်မိသားစုဝင်များက ပြောသည်။

                                                                                      7Day Daily


0 Comment Box:

Post a Comment


 

Comment Box

Followers