Sunday, October 6, 2013

တရားဥပဒေ စိုးမိုးရေးကို ပိုမို အလေးပေး ဆောင်ရွက်သင့်ဟု ALD ကြေညာချက်ထုတ်

 
တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးကို ပိုမိုအလေးထား ဆောင်ရွက်သင့်သည်ဟု သံတွဲမြို့နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများ နှင့်ပတ်သက်၍ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) က အောက်တိုဘာ ၅ ရက်က သဘောထား ထုတ်ပြန်ရာတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

သံတွဲ၊ ဂွကမ်းခြေများသို့ ဘင်္ဂါလီများ စဉ်ဆက်မပြတ် အ၀င်အထွက်များ ရှိနေသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ၀င်ရောက်ခြင်းဖြင့် ဒေသခံ ပြည်သူတို့၏ စိုးရိမ်သောကကို မြင့်မားလာစေခဲ့ကြောင်း၊ ထို့ကြောင့် နောင်တွင် ယင်းကဲ့သို့ အဖြစ်အပျက်မျိုး ထပ်မံ မဖြစ်ပေါ်လာစေရန် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးကို ယခုထက် ဂရုတစိုက် အလေးပေးဆောင်ရွက် သင့်ပါကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအတွက် ဆောင်ရွက်နေကြသော ပုဂ္ဂိုလ်များကို ဥပဒေမဲ့ သိမ်းကျုံး၊ ဖမ်းဆီး စစ်ဆေးနေကြောင်း ကြားသိရ၍ အလွန် စိတ်မကောင်း ဖြစ်မိကြောင်း၊ အပြစ်မဲ့ ဖမ်းဆီးထားသူများကို အမြန်ဆုံး လွှတ်ပေးရန်နှင့် အပြစ်ရှိသူများကိုသာ ထိထိရောက်ရောက် အရေးယူပေးပါရန်လည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

''ပထမ ပဋိပက္ခမှာလည်း သံတွဲမှာ မဖြစ်ဘူး။ ဒုတိယ ပဋိပက္ခမှာလည်း မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ တစ်ဖက်မှာ ဘာသာရေး အစွန်းရောက်တွေက ဗလီဆရာလို့ အမည်ခံပြီး အကြိမ်ကြိမ် သွေးထိုးတယ်။ အဲဒီမှာ ငြိမ်းချမ်းစွာ နေထိုင်နေသူတွေ စိတ်ပြောင်းသွားတယ်။ အမျိုးဘာသာ သာသနာအရေး လုပ်နေတဲ့သူတွေကို ဖမ်းနေတာတွေကို ရပ်တန်းကရပ်ပါ။ သို့သော် အစိုးရပိုင်းအနေနဲ့ လုံခြုံရေးကိုတော့ ဒေသခံပြည်သူတွေ ကြပ်ကြပ်မတ်မတ် ကာကွယ်ပေးပါ၊ စောင့်ရှောက်ပေးပါလို့ တိုက်တွန်း လိုပါတယ်''ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။




                                                                      Eleven Media Group 


0 Comment Box:

Post a Comment


 

Comment Box

Followers