Tuesday, October 15, 2013

ဆွမ်ဆီးမှ ထွက်ခွာဦးမည် မဟုတ်ဟု မီချူးကတိပြု

 
ဆွမ်ဆီးအသင်းမှ ထွက်ခွာရန် မိမိအနေဖြင့် စိတ်ကူးထားခြင်း မရှိကြောင်း တိုက်စစ်မှူး မီချူးက ထုတ်ဖော် ပြောကြားလိုက်သည်။

အသက်(၂၇)နှစ်ရှိ ကစားသမားသည် စပိန်လက်ရွေးစင် အသင်းအတွက် ပထမဆုံးအကြိမ် ပါဝင် ကစားခွင့် ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်ပါ လက်ရွေးစင် အသင်းနှင့်အတူ ကိုယ်စားပြုနိုင်ရန် မျှော်လင့်လျှက် ရှိသည်။ အဆိုပါ အခြေအနေတွင် မီချူးအနေဖြင့် ဝေလအခြေစိုက် ကလပ်အသင်းထက် ပိုမိုအဆင့်မြင့်သည့် ထိပ်သီးအသင်း တစ်ခုခုသို့ ကူးပြောင်းကာ လက်ရွေးစင် ဖြစ်နိုင်ရန် အခွင့်အလမ်းကို မြှင့်တင်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ၎င်းက ဆွမ်ဆီးတွင်သာ ဆက်ကစားမည်ဟု Marcaသို့ ပြောဆိုသွားသည်။

မီချူးက "ကျွန်တော် အပြောင်းအရွှေ့ ကိစ္စကို လောလောဆယ် လုံးဝ မစဉ်းစားပါဘူး။ ဆွမ်ဆီးမှာ ကစားနေရတဲ့ အခြေအနေကို ကျွန်တော် ကျေနပ်ပါတယ်။ ဆွမ်ဆီးဟာ အသင်းငယ်လေး တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဥရောပ အဆင့်မှာ ကစားနေရတယ်လေ။ ပြီးတော့ မနှစ်ကလည်း ကလပ်အသင်းရဲ့ ရာဇဝင်မှာ ပထမဆုံး ဖလားတစ်လုံးကို ကျွန်တော်တို့ ရယူနိုင်ခဲ့ပြီးပြီ။ လက်ရှိ အခြေအနေ အားလုံးက ကျေနပ်စရာချည်းပါပဲ"ဟု မှတ်ချက်ပြုခဲ့သည်။ မီချူးသည် လွန်ခဲ့သည့် (၂)နှစ်ခန့်က အသင်းပြောင်းရန် စိတ်ကူးခဲ့စဉ် မည်သည့် စပိန်ကလပ်ကမျှ မခေါ်ခဲ့သဖြင့် မိုက်ကယ်လော့ဒရပ် ကမ်းလှမ်းသည့် ဆွမ်ဆီးသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ယခုအခါ စပိန်လက်ရွေးစင် ဖြစ်လာသည့်နောက် မီချူးက နိမ့်ပါးခဲ့မှုများနှင့် ပြန်လည် နှိုင်းယှဉ်ကာ "ဘောလုံးသမား တစ်ယောက်ရဲ့ ဘဝဟာ ရုတ်တရက် အပြောင်းအလဲတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါဟာ လူငယ် ဘောလုံးသမားလေးတွေ ဘယ်တော့မှ မမေ့သင့်တဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။ လွန်ခဲ့တဲ့ (၂)နှစ်က ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ် အနေနဲ့ ကစားဖို့ အသင်းတစ်သင်းတောင် ရှာရခက်နေခဲ့ဖူးပါတယ်။ ခုချိန်မှာတော့ ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံး လက်ရွေးစင် အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီလေ"ဟု ထောက်ပြ ပြောကြားသွားသည်။


                                                                                   Soccer Myanmar


0 Comment Box:

Post a Comment


 

Comment Box

Followers